Saturday, October 10, 2015

ကြွေကာလေမစဲ

ကြွေကာလေမစဲ

-------------------------

နှစ်(၆၀)ကျော်လာပြီဖြစ်သော ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လက်ရှိအစိုးရလက်ထက်မှာ တစိုက်မတ်မတ် အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုကို ခံယူကာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်နေ တာကို တွေ့မြင်ရပါတယ်။ တပ်မတော်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာ တိုင်းရင်းသားများ တန်းတူ ညီမျှရေး၊ သာတူညီမျှမှု အခွင့်အရေးရရှိရေး၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးတို့ကို အခြေခံပြီး ဒို့တာဝန်အရေး ၃ ပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များကို မချိုးဖောက်သော သမာသမတ် မျှတ သည့် ရပ်တည်ချက်တစ်ခုဖြစ်တယ်ဆိုတာကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဘက်မှ စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိစွာ အားသွန် ခွန်စိုက်ဆောင်ရွက်ခဲ့သလို ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကလည်း ယုံကြည်စွာလက်တွဲဆောင်ရွက်မှုများကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပါဝင် လက်မှတ် ရေးထိုးကြ တော့မှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးရန်ကျန်နေတဲ့အဖွဲ့တွေအတွက် နိုင်ငံတော်အစိုးရက NCA စာချုပ်မှာ လက်မှတ်ရေးထိုးကြဖို့ စိတ်ရှည်သည်းခံစွာ ကြိုဆိုလျက်ရှိနေသော်လည်း ဒေသတွင်း အာဏာဆုပ်ကိုင်ထားလိုမှု၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်လိုမှု၊ မတရားစီးပွားရှာလိုမှု၊ ရရှိထားပြီးသော ကိုယ်ကျိုးစီးပွား မစွန့်လွှတ်လိုမှု တွေကြောင့် အဲ့ဒီအဖွဲ့တွေကတော့ အောက်တိုဘာလ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးရာမှာ ပါဝင်ကြမှာမဟုတ်ဘူး ဆိုတာ သေချာနေခဲ့ပါတယ်။


NCA လက်မှတ်ရေးထိုးဖို့အရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး အလှည့်ကျ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထားရှိရေး စတဲ့တောင်းဆိုချက်တွေနဲ့ အချိန်ဆွဲခဲ့ပြီး နောက်ဆုံး အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကို တောင်းဆိုနေကြတဲ့ အဲ့ဒီအဖွဲ့တွေဟာ နောက်ဆုံးတော့လည်း လက်နက် ကိုင်ပြီး ထင်ရာစိုင်းလို့ရတဲ့ဘ၀ကို မစွန့်လွှတ်နိုင်ကြကြောင်း ၎င်းတို့ရဲ့လုပ်ရပ်တွေက သက်သေပြလာခဲ့ပါတယ်။ အဓိကအားဖြင့် KIO/KIA (ကချင်)အဖွဲ့၊ TNLA(ပလောင်) အဖွဲ့နဲ့ SSA(၀မ်ဟိုင်း)အဖွဲ့တွေရဲ့ လူမဆန်တဲ့လုပ်ရပ် တွေဟာ ၎င်းတို့ကြီးစိုးရာ နေရာအနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိပါတယ်။

ကျွန်တော်တို့ ရှမ်းပြည်မြောက်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ ဓားပြတိုက်လုယက်နေတဲ့ SSA (၀မ်ဟိုင်း)အဖွဲ့ရဲ့ နှောင့်ယှက်မှုမခံရရေး၊ ပြည်သူလူထုဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက်နယ်မြေခံ တပ်မတော်စစ်ကြောင်းများက ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ လမ်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ SSA(၀မ်ဟိုင်း) အဖွဲ့ဟာ ၎င်းတို့ဆက်ကြေးကောက်ဖို့ အခွင့်အရေးမရတဲ့အဆုံး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ လမ်းကြောင်းလုံခြုံရေးယူနေတဲ့ တပ်မတော်စစ်ကြောင်းများကို ခိုးကြောင်ခိုးဝှက်ခြုံခို တိုက်ခိုက် နှောင့် ယှက်ခဲ့တဲ့အတွက် နမ့်လန်အနီးတစ်ဝိုက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒ့ါအပြင် နမ့်လန်အုပ်စု၊ ပန်စင်ရပ်ကွက်၊ ကောင်းခန့်ရွာနေ မအေးဦး (၃၅) နှစ်ဟာ နားမခေါ်ကျေးရွာမှ နန့်လန်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် SSA(၀မ်ဟိုင်း)အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သေဆုံးသူမှာ SSA(၀မ်ဟိုင်း)အဖွဲ့၏ ပစ်ခတ်မှုကြောင့် လည်ပင်း ၁ ချက်၊ ညာဘက်နံ ၁ ချက်၊ ညာတင်ပါး၌၀င် ညာပေါင်ရင်းပေါက်ထွက် ၁ ချက် လက်နက်ငယ်ကျည် ထိမှန်ခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံတော်အစိုးရရဲ့ စိတ်ရှည်သည်းခံစွာဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးကိုခုတုံးလုပ်ကာ တကယ်တမ်းငြိမ်းချမ်းရေး အတွက် NCA လက်မှတ်ရေးထိုးဖို့အတွက် ပျက်ကွက်ခဲ့ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် ကတိသစ္စာဖောက်ခဲ့တဲ့ အကျင့်ဆိုးမပြင်နိုင်တဲ့ ဒီလိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှိနေသမျှ ကာလပတ်လုံး ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့ရဲ့ဘ၀တွေဟာ ၎င်းတို့ရဲ့အနိုင်ကျင့် စော်ကားခံ၊ အနှိပ်စက်ခံဘ၀နဲ့ ကြွေကာလေမစဲ ဖြစ်နေဦး မှာပါပဲ----။

စိုင်းဝေလင်းအောင်(လားရှိုး)
Shan News



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: