ဒေသခံများ ကြောက်ရွံ့နေ၍ ဖားကန့်တွင် မဲဆွယ်စည်းရုံးရေး ရပ်နားထား
=========================================
ဖားကန့်တွင် ရှမ်းနီပါတီဝင်နှစ်ဦး အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ကြောင့် ဒေသခံများ ကြောက်ရွံ့ နေပြီး ပါတီမဲဆွယ်စည်းရုံးရေးများကို ရပ်နားထားရကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ တာဝန်ရှိသူများက ပြောသည်။
ရှမ်းနီပါတီဝင်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းလွင်သည် အောက်တိုဘာလ ၅ ရက်နေ့တွင် ဖားကန့်မြို့နယ် နန့်မော်ကျေးရွာရှိ ၄င်း၏နေအိမ်တွင် နေထိုင်နေစဉ် အမည်မသိလူနှစ်ဦး ရောက်လာကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ အောက်တိုဘာ ၆ ရက် နေ့တွင်လည်း ရှမ်းနီပါတီဝင်တစ်ဦးဖြစ်သူ ဦးကံဆက်မှာ ဖားကန့်မြို့နယ် ဝှေခါ ဘုန်းကြီးကျောင်း သို့ အသွားလမ်းတွင် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီတာဝန်ရှိသူများက ပြောသည်။
၎င်းတို့နှစ်ဦး အသတ်ခံရခြင်းမှာ ပါတီနှင့် ပတ်သက်ခြင်းကြောင့်ဟု ဒေသခံများက မှတ်ယူ နေကြပြီး ရှမ်းနီပါတီမှပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲများသို့ လာရောက်ရန် ကြောက်ရွံ့နေကြကြောင်း၊ ရှမ်းနီပါတီ၏ မဲဆွယ်စည်းရုံးမှုများကို အခင်းဖြစ်ပွားသည့် ယခုလ ၅ ရက်နေ့ကတည်းက ရပ်နားထားခဲ့ရကြောင်း ၄င်းက ဆက်၍ပြောသည်။
”ဒီကိစ္စက ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ။ ကျွန်တော်တို့ပါတီက ဖားကန့်မှာ စည်းရုံးရေး အကောင်းဆုံး အင်အားရနေတဲ့ပါတီပါ။ ခုလိုဖြစ်သွားတော့ လူတွေထိတ်လန့်ကုန်ပြီလေ စည်းရုံးရေးကို အများကြီးထိခိုက်ပါတယ်။ ကျွန်တော်တို့ပါတီနဲ့ပတ်သက်ရင် အသတ်ခံ ရနိုင်တယ် လို့ ဒေသခံတွေက ထင်နေတယ်”ဟု ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။
အဆိုပါလူသတ်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လုပ်သည်ဟု ဖားကန့် ဒေသခံများနှင့် ရှမ်းနီပါတီဝင်များက ယူဆနေကြောင်းလည်း ၄င်းကဆိုသည်။ အဆိုပါ လူသတ်မှု အတွက် ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ သို့လည်း စာတင်အကြောင်းကြားထားကြောင်း၊ သို့သော် လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေး ကြောင်းလည်း ၄င်းက ပြောသည်။
ဖားကန့်ဒေသတွင် ရှမ်းနီပါတီ အပါအဝင် ကြံ့ခိုင်ရေးပါတီ၊ NLD၊ NDF နှင့်ကချင်ပါတီ သုံးခုကလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပါတီဝင်နှစ်ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် KIA ပြန်ကြားရေးအဖွဲ့သို့ အောက်တိုဘာ ၁၃ ရက်တွင် (၁ဝ) ကြိမ်ထက် မနည်း ဖုန်းဆက်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
By Popular News Journal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment