NLD လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ယာဉ်ကိုတား၍ မဖွယ်မရာ ပြုလုပ်ပြသူများကို အမှုဖွင့်
Thursday, September 24, 2015
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်း စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မဲဆွယ်စည်းရုံးရေး ဆင်းရာမှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းအောင် စီးနင်းလာသည့်ယာဉ်ကို တား၍ မဖွယ်မရာ ပြုလုပ်ပြခဲ့သည့် ရွာသန့်ကျေးရွာသား နှစ်ဦးကို ခင်ဦးမြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ နေ့စဉ်တင်ပြရသည့် မှတ်တမ်းများအရ သိရသည်။
ရွာသန့်ကျေးရွာ အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အလံများ စိုက်ထူထားသည့် နေအိမ်အတွင်းမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကားလမ်းမပေါ်သို့ ပြေးထွက်လာပြီး ကားရှေ့တွင် ပိတ်ရပ်ကာ ပုဆိုးလှန်ပြ၍ မဖွယ်မရာ အမူအရာများ ပြုလုပ်ပြခဲ့သည်ဟု အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး ပြန်ကြားရေး တာဝန်ခံများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်း၍ မရခဲ့ပေ။
“ပြန်ကြားရေး တာဝန်ယူထားသူတွေက စစ်ကိုင်းတိုင်း အထက်ပိုင်းကို ခရီးသွားနေရတော့ ဖုန်းဆက်သွယ်လို့ မရတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ မုံရွာခရိုင် အနေနဲ့ ဒီကိစ္စကို မသိရသေးတဲ့အတွက် ဖြေလို့မရပါဘူး” ဟု မုံရွာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ပုဆိုးလှန်ပြပြီး မဖွယ်မရာ ပြုလုပ်ခဲ့သူနှစ်ဦးကို ဒေါက်တာဝင်းအောင်က တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သောကြောင့် ခင်ဦးမြို့မ ရဲစခန်းက (ပ) ၂၃၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၉၄/၁၁ တို့ဖြင့် အမှုဖွင့်ထားပြီး အမှုစစ် ဒုရဲအုပ်သိန်းဇော်က တိုင်ကြားခံရသူများကို စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice Weekly
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment