Wednesday, September 30, 2015

နိုင်ငံလုံးချီ အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ လက်မှတ်ထိုးရန် သဘောတူ

နိုင်ငံလုံးချီ အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ လက်မှတ်ထိုးရန် သဘောတူ
Wednesday, September 30, 2015

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က လက်မှတ် ရေးထိုးမည်ဟု သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) ပြောရေးဆိုခွင့် ရှိသူ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး အစည်းအဝေး ဒုတိယနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ခုနစ်ဖွဲ့က ယင်းသို့ သဘောထား မှတ်ချက်ပေးထားကြောင်း ၎င်းကဆိုသည်။
“လက်မှတ်ထိုးမယ့် အဖွဲ့က ခုနစ်ဖွဲ့လောက် ရှိတယ်။ ကျန်တဲ့အဖွဲ့တွေ ကတော့ လောလောဆယ်မှာ မထိုးသေးဘူးလို့ သဘောထား ပေးပါတယ်။ လုံးဝ မထိုးဘူးလို့ ပြောတာမဟုတ်ဘူး။ သမ္မတ ကမ်းလှမ်းတဲ့ ရက်မှာ မထိုးနိုင်သေးဘူးလို့ မှတ်ချက်ပေးတာပါ” ဟု ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။
အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ယနေ့(စက်တင်ဘာ ၃၀)ရက်နေ့တွင် လက်မှတ်ရေးထိုးရေး၊ မထိုးရေး ကိစ္စများကို အတည်ပြုနိုင်ရန် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များထံမှ သိရသည်။
“NCA ကို လက်မှတ်ထိုးမယ်၊ မထိုးဘူး ဆိုတာနဲ့ပတ်သက်ပြီး လောလောဆယ် သဘောထား ပေးကြတာပါ။ မနက်ဖြန် ဆွေးနွေးပွဲမှာ အတည်ပြု ဆုံးဖြတ်နိုင် ပါလိမ့်မယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ် အတွင်း လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်တွန်း ပြောဆိုထားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးမည်ဟု သဘောထား ပေးသည့် လက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA - PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြစ်ကြကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ထံမှ သိရသည်။
အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့က ယင်းသို့ လက်မှတ်ရေးထိုးရန် သဘော တူခဲ့သော်လည်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO/KIA၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ပါတီ SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) တို့ကမူ အစိုးရက လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး ကိစ္စကို သဘောတူညီခြင်း မရှိသေး၍ အဆိုပါစာချုပ်တွင် လက်မှတ်ထိုးရန် မဆုံးဖြတ်နိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက ဆိုသည်။
ကိုးကန့်တပ်ဖွဲ့ (အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် - MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ပါဝင်ရန် အစိုးရက ကြိုးပမ်းမည်ဟု ပြောဆိုထားသော်လည်း ယနေ့ထိ ဆွေးနွေးမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ကရင်လက်နက်ကိုင် အဖွဲ့များ နှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ပူးတွဲသဘောထား ထုတ်ပြန်ထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလကမူ “လက်ရှိ အချိန်မှာတော့ လက်မှတ်ထိုးမယ် မထိုးဘူးဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ ဗဟိုကော်မတီ အစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးက ဆုံးဖြတ်ပြီးရင် လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ ထုတ်ပြန်သွားမှာပါ” ဟု မှတ်ချက်ပေးသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေး နောက်ဆုံးရက်တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည့် အဖွဲ့များက လက်မှတ် မရေးထိုးသေးသည့် အဖွဲ့အစည်းများ အတွက် အစိုးရဘက်မှ အာမခံချက်ပေးရေး ကိစ္စများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ထံမှ သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် NCCT တို့က အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း)ကို သမ္မတဦးသိန်းစိန် ရှေ့မှောက်၌ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က နှစ်ဖက်သဘောတူ လက်မှတ် ရေးထိုးထားသည်။
ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT ၏ လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်မည့် NCA စာချုပ်မူချော အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်ပြည်နယ် လော်ခီးလာ ညီလာခံကနေ ၂၀၁၅ ဇွန်လက ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
NCA စာချုပ်ကို လာမည့်ရွေးကောက်ပွဲ မတိုင်မီ လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ လိုလားလျက်ရှိပြီး အောက်တိုဘာလလယ်တွင် လက်မှတ်ရေးထိုးနိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲတွင် နှစ်ဖက် ကနဦး သဘောတူထားသည်။

The Voice Weekly



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: