Tuesday, September 29, 2015

တပ်မတော်က မန်စီမြို့ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်မှု ဒေသခံများ စိုးရိမ်ဟုဆို ----------------------------------

တပ်မတော်က မန်စီမြို့ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်မှု ဒေသခံများ စိုးရိမ်ဟုဆို
----------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ပေါ်တွင် တပ်မတော်က လက်နက်ကြီးများ တပ်ဆင်ကာ KIA တပ်စခန်းများရှိရာသို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများ အနေနှင့် တိုက်ပွဲကြားသို့ ရောက်ရှိမည်ကို စိုးရိမ်နေကြောင်း မန်စီမြို့ ဒေသခံများက ပြောကြားသည်။

တပ်မတော်နှင့် KIA တပ်ဖွဲ့တို့သည် မန်စီမြို့နှင့် တစ်မိုင်ကျော်ကျော်သာ ဝေးသော လုံဂျာပေါင်တောင်အနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်မတော်မှ မန်စီမြို့လယ်ကောင်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက်တွင် တည်ရှိသော လောကမာန်အောင် ဘုရားဝင်းအတွင်း စက်တင်ဘာ ၂၆ ရက် နေ့မှစတင်၍ လက်နက်ကြီးများ တပ်ဆင်ကာ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု အဆိုပါမြို့မှ ဒေသခံ ဦးလဒွဲက ရှင်းပြသည်။

“ဒီနေ့တော့ ပစ်သံမကြားရသေးဘူး။ ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဆက်တိုက်ပစ်တယ်။ ဒေသခံတွေကတော့ တော်တော်လေး ထိတ်လန့်နေကြတယ်။ လုံခြုံရေးအခြေအနေက မကောင်းဘူး။ နှစ်ဖက်ပစ်ပြီဆိုရင် ပြေးဖို့အချိန်တောင် ရမှာမဟုတ်ဘူး” ဟု ဦးလဒွဲက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ဒေသခံများကို ကာကွယ်မှုများ ပြုလုပ်ပေးနေသည့် Zinlum အဖွဲ့မှ ကိုအောင်မျိုးဆန်းကလည်း “တိုက်ပွဲဖြစ်တဲ့ နေရာမှာရှိတဲ့ ဒေသခံတွေထဲက အိမ်ခြေ ၂၀ လောက်က မန်စီမြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြောင်းနေရတယ်။ တခြားထွက်ပြေးလာတဲ့ ဒေသခံ ၁၃၀ ကျော်ကလည်း မန်စီမြို့ပေါ်က သူတို့နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေရတယ်။ ဒီအချိန်မှာ တပ်မတော်က မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ KIA ဘက်က ပြန်ပစ်ရင် ဒေသခံတွေအတွက် နေစရာမရှိဘူး။ အဲ့ဒါကို စိုးရိမ်နေကြတယ်” ဟု လက်ရှိအခြေအနေကို ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ မန်စီမြို့အတွင်းရှိ လမ်းအချို့ကိုလည်း တပ်မတော်က ပိတ်ထားပြီး မြို့ပေါ်ရှိ ဒေသခံအချို့မှာ နေအိမ်တွင် မနေထိုင်ရဲသောကြောင့် နီးစပ်ရာ ခရစ်ယာန် ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု မန်စီမြို့ဒေသခံ ဦးလဒွဲက ပြောကြားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံစဉ် တင်ပြအသိပေးထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်အောင်က ပြောကြားသည်။

“လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လူကြီးတွေကို ပြောပေးပါဆိုပြီး ဒေသခံတွေက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးကို တင်ပြခဲ့တာပါ။ သူကတော့ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြပေးမယ် ပြောတာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြီးခဲ့သည့် တစ်ပတ်ခန့်က တိုက်ပွဲများ ပြင်းထန်ခဲ့သည့် မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်စစ်ဘေးရှောင်စခန်း အနီးရှိ ကျေးရွာများတွင် ပိတ်မိနေသော ဒေသခံ ၂၃ ဦးမှာလည်း လက်ရှိအချိန်ထိ မိုင်းခေါင်စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခြင်း မရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်အောင်က ဆိုသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့တွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေထိုင်လျက်ရှိပြီး တပ်မတော်နှင့် KIA တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်လာမည်ဆိုပါက ဒေသခံများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အနေအထားဖြစ်၍ မြို့ပေါ်တွင် တပ်မတော်က တပ်စွဲထားခြင်းကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ဦးလဒွဲက ထပ်လောင်းပြောကြားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: