Sunday, September 27, 2015

နယ်စပ်မှသစ်ခိုးထုတ်မှုကိုတားဆီးပေးရန် သမ္မတက တရုတ်အစိုးရအား ပြောထားဟုဆို

နယ်စပ်မှသစ်ခိုးထုတ်မှုကိုတားဆီးပေးရန် သမ္မတက တရုတ်အစိုးရအား ပြောထားဟုဆို
=========================================

မြန်မာ-တရုတ် နယ်စပ်တွင်ဖြစ်ပေါ်နေသော တရားမ၀င် မှောင်ခိုသစ်တင်ပို့မှု ရပ်တန့်ရေး၌ ပူးပေါင်းပါဝင်ရန် တရုတ်အစိုးရအား သမ္မတဦးသိန်းစိန်က ပြောကြားထားပြီးဖြစ်ကြောင်း ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်သော မြန်မာ-တရုတ်သစ်ကုန် သွယ်မှု တရားဝင်ဖြစ်လာရေး အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတကာအဖွဲ့အစည်းများကို အထက်ပါ အတိုင်းပြောကြားခြင်းဖြစ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မကြာသေးမီ မြန်မာ-တရုတ် မှောင်ခိုဂိုဏ်းတစ်ခုကို ဖော်ထုတ်ခဲ့သည့် လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အီးအိုင်အေနှင့် ၀ါရှင်တန်ဒီစီအခြေစိုက် forest Trends အဖွဲ့၊ ဥရောပသမဂ္ဂအဖွဲ့ဝင်တို့အား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ယခုလဆန်းပိုင်းမှာသမ္မတ နောက်ဆုံးသွားခဲ့တဲ့ခရီးစဉ်မှာ မြန်မာ-တရုတ် နယ်စပ်မှာ ဖြစ်နေတဲ့ သစ်ခိုးထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်လို့ ပြောပါတယ်’’ဟု အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောပြသည်။ စက်တင်ဘာ ၄ ရက်က သမ္မတသည် တရုတ်သို့ ဖက်စစ်ဆန့်ကျင်ခြင်းနှင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် (၇၀) ပြည့် အောင်မြင်ခြင်းနေ့ အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နှစ်နိုင်ငံအစိုးရကို မြန်မာ-တရုတ် နယ်စပ်အကြားဖြစ်ပေါ်နေသော တရားမ၀င်သစ်မှောင်ခို ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားစေရန် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုက်တွန်းမည်ဟု စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော ၎င်းအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

‘‘တရုတ်အစိုးရကို မြန်မာပြည်အစိုးရက သစ်အလုံးလိုက်တင်သွင်းခွင့် ပိတ်ထားတယ် ဆိုတာ တရားဝင်စာပို့ပေးဖို့ EIA က တိုက်တွန်းထားပါတယ်။ ပြည်ပ အလုံးလိုက်တင်ပို့မှု ပိတ်ထား တယ်ဆိုတာ ကုန်သည်တွေပဲသိတယ်။ တရုတ်အစိုးရမသိနိုင်ဘူး။ ဒါကြောင့် ပိတ်ထားတယ်ဆိုတဲ့ အကြောင်း တရုတ်အစိုးရကို တရားဝင်စာပို့ဖို့ တိုက်တွန်းတာပါ’’ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဘက်က သစ်ခိုးထုတ်သော်လည်း တရုတ်နယ်စပ် အကောက်ခွန်က သူတို့နိုင်ငံ အစိုးရသတ်မှတ်ထားသည့် နည်းလမ်းနှင့် ကိုက်ညီပါက သစ်တင်သွင်းခွင့်ပေးသည်ဟု ဆိုသည်။ သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ်မှ ပြန်ရောက်လာပြီးနောက် မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော သစ်များတင်သွင်းခွင့်ကို ဒီဇင်ဘာအထိ ပိတ်ထားမည်ဟု ယူနန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာမှ ဒီဇင်ဘာအထိ ပိတ်ထားမည့် နည်းလမ်းသည် တရုတ်နှင့် မြန်မာနယ်စပ်အကြား ဖြစ်ပေါ်နေသော တရားမ၀င်သစ်ကုန်သွယ်ခြင်းကို ထိရောက် စေမည်မဟုတ်ဟု EIA (သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့)က ဆိုသည်။
‘‘ရာသက်ပန်ပိတ်လိုက်တာ ကောင်းပါတယ်။ လေးလဆိုတာ အရမ်းနည်းပါတယ်။ အပြီးပိတ်လိုက်ဖို့ တိုက်တွန်းပါတယ်’’ဟု အီးအိုင်အေ၏ သစ်တောရေးရာ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ခေါင်းဆောင် မစ္စဖိတ်သ်ဒိုဟာသီက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်အကြား တရားမ၀င်သစ်ကုန်သွယ်ခြင်းလမ်းကြောင်းသည် နှစ်ပေါင်း ၂၅နှစ်ကျော်ပြီဖြစ်သည်။ အဆိုပါ မှောင်ခိုသစ်ကုန်သွယ်မှုသည် ၁၉၉၀ ကတည်းက စတင်ခဲ့ပြီး ၂၀၀၅ တွင် အမြင့်ဆုံးရောက်ခဲ့သည်။ တရားမ၀င် သစ်ကုန်သွယ်ကို အစဉ်တစိုက်လေ့လာခဲ့သော EIA အဖွဲ့က ၂၀၁၃ သည် ယခင်သစ်ကုန်သွယ်မှုအမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၀၅ ကုန်သွယ်မှုထက် ပိုများရှိခဲ့သည်ဟုဆိုသည်။

၂၀၀၅ တရားမ၀င်သစ်ကုန်သွယ်မှု ကုဗမီတာ ၁ ဒသမ ၆ သန်းရှိခဲ့ပြီး ၂၀၁၃ တွင် ကုဗမီတာ ၁ ဒသမ ၇ သန်းရှိခဲ့သည်။ အမေရိကန်ဒေါ်လာ ၆၂၀ကျော် ကုန်သွယ်ခဲ့ခြင်းဖြစ်ပြီး တရုတ်တို့ အများဆုံးဝယ်ယူသည့် သစ်များသည် သစ်နီ ခေါ် တမလန်းသစ်နှင့် ပိတောက်သစ်တို့ ဖြစ်ကြသည်။

By 7Days



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: