Monday, September 28, 2015

မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို တားမြစ်မှု ဥပဒေနှင့် ငြိစွန်းကြောင်း ဦးစခုန်တိန့်ယိန်းကို ကော်မရှင် သတိပေးမည် ----------------------------------

မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို တားမြစ်မှု ဥပဒေနှင့် ငြိစွန်းကြောင်း ဦးစခုန်တိန့်ယိန်းကို ကော်မရှင် သတိပေးမည်
----------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါဒေသအတွင်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် ပြည်သူ့စစ်အဖွဲ့၏ တားမြစ်မှုသည် ဥပဒေနှင့် ငြိစွန်းသောကြောင့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ခေါ်ယူသတိပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်၏ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြား သည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပန်ဝါဒေသတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ပြည်သူ့စစ်အဖွဲ့က တားမြစ်ထားခြင်းသည် ရွေးကောက်ပွဲ ဥပဒေများနှင့် မညီသောကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်ရန် ဦးစခုန်တိန့်ယိန်းကို အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။

“ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့်အပေါ် ဒီလိုတားမြစ်တာက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်းပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန့်တိန့်ယိန်းသည် ပန်ဝါဒေသတွင် အမျိုးသားလွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် တားမြစ်ထုတ်ပြန်ချက်တွင် ပန်ဝါဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အပြည့်အဝ ရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုံခြုံရေး အာမခံ ကတိကဝတ်များရရှိရန် ဖော်ဆောင်ဆဲကာလ ဖြစ်သောကြောင့် မဲဆွယ်စည်းရုံးမှု လုပ်ငန်းများ မပြုလုပ်ရန်ဟု ပါရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးဇော်လွင်က “ဘယ်ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ထားတာကြောင့် ကျွန်တော်တို့လည်း လောလောဆယ်တော့ အဲဒီဘက်ကို နားထားပါတယ်၊ ဒါပေမဲ့ ကော်မရှင်ကိုရော၊ ပါတီ (ဗဟို) ကိုရော တင်ပြထားပါတယ်” ဟု ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဦးစခုန်တိန့်ယိန်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မြို့နယ်များ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်းခြောက်ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါဒေသတွင် အခြေစိုက်သည့် ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်သော ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDAK အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းပေးခြင်းကို လက်ခံခဲ့ပြီး ဦးစခုန်တိန့်ယိန်းသည်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၅၇ တွင် ပြဋ္ဌာန်းထားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: