Saturday, September 26, 2015

City Mart ပဲ့ကိုင်ရှင် ဒေါ်ဝင်းဝင်းတင့် အာရှ၏ သြဇာအကြီးမားဆုံး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၅၀ စာရင်းတွင် ဖော်ပြခံရ

City Mart ပဲ့ကိုင်ရှင် ဒေါ်ဝင်းဝင်းတင့် အာရှ၏ သြဇာအကြီးမားဆုံး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၅၀ စာရင်းတွင် ဖော်ပြခံရ
--------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၅

ဝန်ထမ်းပေါင်း ၆၀၀၀ ကျော်နှင့် လည်ပတ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လတွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး အရောင်းရှိခဲ့သည့် City Mart စားသောက်ကုန် ရောင်းချရေးလုပ်ငန်း၏ ပဲ့ကိုင်ရှင် ဒေါ်ဝင်းဝင်းတင့်ကို အာရှ၏ သြဇာအကြီးမားဆုံး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၅၀ စာရင်းတွင် စီးပွားရေးမဂ္ဂဇင်း Forbes က ထည့်သွင်းဖော်ပြလိုက်သည်။

၁၉၉၆ ခုနစ်တွင် စတင်ခဲ့သည့် City Mart လုပ်ငန်းသည် လက်ရှိတွင် ဈေးဝယ်စင်တာ အကြီးစား ၂၂ ခု၊ Ocean Super-centers ခုနစ်ခုနှင့် City Express ဈေးဝယ်ဆိုင် အသေး ၅၂ ဆိုင် စုစုပေါင်း ဆိုင်ခွဲပေါင်း ၁၅၀ ကျော်ထိ ဖွင့်လှစ်နိုင်နေပြီ ဖြစ်သည်။

ပထမဆုံးသော City Mart ဆိုင်ကို ဦးစီးရန် စင်ကာပူတွင် အခြေခံ လေ့ကျင့်သင်ကြားမှုများ ပြီးဆုံး၍ သြစတြေးလျသို့ သွားရောက်ကာ စာရင်းအင်းပညာ သင်ယူရန် စီစဉ်နေသည့် အသက် ၂၁ နှစ် အရွယ် ဒေါ်ဝင်းဝင်းတင့်ကို ၁၉၉၆ ခုနစ်တွင် ၎င်း၏ မိသားစုက လုပ်ငန်းကို ဦးဆောင်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် မြန်မာနိုင်ငံ စီးပွားရေး အခက်ကြုံနေရချိန်၊ နိုင်ငံမှာ အထီးကျန် တည်ရှိနေချိန်များကို ဖြတ်သန်းပြီး အောင်မြင်သည့် စီးပွားရေး အင်ပါယာတစ်ခုကို ကောင်းမွန်သည့် စီးပွားရေးစနစ်၊ အပြုအမူ၊ အဆင့်လိုက် တိုးချဲ့မှုများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

City Mart လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ်များမှစ၍ စာရင်းအင်းဆိုင်ရာ စံနှုန်းများကို လိုက်နာကျင့်သုံးလျက် ရှိပြီး ရာထူးတိုးမြှင့်မှုများကို အဆက်အသွယ်ထက် အရည်အချင်းရှိမှု၊ စွမ်းဆောင်နိုင်မှုတို့အပေါ် အခြေခံလုပ်ဆောင်လျက် ရှိကြောင်း၊ City Mart မှာ ခေတ်မီ မြန်မာကုမ္ပဏီတစ်ခု၏ စံပြပုံစံဖြစ်သည်ဟု အချို့က အကဲဖြတ်လျက်ရှိကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: