Saturday, September 26, 2015

ချင်းမိုင်ဆွေးနွေးပွဲက သဘောတူမှသာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်ဟုဆို ---------------------------------

ချင်းမိုင်ဆွေးနွေးပွဲက သဘောတူမှသာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်ဟုဆို
-----------------------------------
ရန်ကုန်၊ စက်တင်ဘာ ၂၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောက်တိုဘာလဆန်း၌ လက်မှတ်ရေးထိုးရန် စီစဉ်ပြောဆိုမှုများ ရှိသော်လည်း တိုင်းရင်းသား ခေါင်းဆောင်များ၏ ချင်းမိုင်ဆွေးနွေးပွဲက သဘောတူမှသာ လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ပူးဇင်ကျုံးက The Voice သို့ ပြောဆိုသည်။
“အကယ်၍ ဆွေးနွေးပွဲမှာ သဘောတူမယ် ဆိုရင်တော့ သူတို့ပြောတဲ့ အောက်တိုဘာလဆန်းမှာ လက်မှတ်ထိုးဖြစ်ပါလိမ့်မယ်” ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သူ ပူးဇင်ကျုံးက ဆိုသည်။
ယင်းသို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး အဆုံးအဖြတ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်ဖြစ်ပြီး လက်နက်ကိုင်ခေါင်းဆောင်များ စုံစုံညီညီ တက်ရောက်နိုင်စေရန် စောင့်ဆိုင်းနေရသဖြင့် မူလသတ်မှတ်ထားသည့် ၂၀ ရက် အစပိုင်းကို နောက်ဆုတ်ကျင်းပရန် ပြောင်းလဲစီစဉ်ခဲ့ရကြောင်း SD အဖွဲ့ထံမှ သိရသည်။
“တချို့ခေါင်းဆောင်တွေလည်း အဝေးကလာတော့ အချိန်မီ မရောက်ဘူးပေါ့။ ဒါကြောင့် လူစုံအောင် စောင့်ရတာ” ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောဆိုသည်။
သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အောက်တိုဘာလဆန်းတွင် လက်မှတ်ရေးထိုးနိုင်မည်ဟု ပြောဆိုမှုများ ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကမူ အဆုံးအဖြတ် မပြုနိုင်သေးပေ။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည့် ချင်းမိုင်အစည်းအဝေး နောက်ပိုင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် အစိုးရတို့ ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယင်းအချိန်မှသာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည့် အစီအစဉ်ကို အတည်ပြု ပြောဆိုနိုင်မည်ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရ၏ လေးနှစ်တာကာလ ငြိမ်းချမ်းရေးကြိုးပမ်းမှု ရလဒ်အဖြစ် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေချိန် စက်တင်ဘာလအတွင်း၌ပင် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်များအကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: