ဇာဂနာရဲ့သိလား
မသိဘူး**
ရွေးကောက်ပွဲကြီး နီးလာလေလေ ပြသနာတွေက များလာ ပွားလာလေလေပါပဲ ခင်ဗျာ။
ဖဲကြိုးတွေလည်း တော်တော် အရောင်စုံနေပါပြီ။
သက်တန့်တောင် အဲသလောက်
အရောင်မစုံဖူး ခင်ဗျာ။
နောက်ဆို အသည်းကွဲရောင်တို့
စတော်ဘယ်ရီရောင် ဖဲကြိုးတို့
လာတော့မယ် ထင်ပါရဲ့။
ပညာရေးဖက်ကို တပ်မတော်က
ရွှေ့လာလို့ ဖဲကြိုးတပ်လိုက်၊
တရားစီရင်ရေးဖက် ရွှေ့လာလို့
ဖဲကြိုးတပ်လိုက်၊
ဆေးလောကကို ရွှေ့လာလို့
ဖဲကြိုးတပ်လိုက်။
ကြာတော့ လူတစ်ကိုယ်လုံး
ဖဲကြိုးဖုံးတော့မယ် ထင်ပါရဲ့။
မင်းမင်းလတ်ကြီးရဲ့ ယုဇနပင်နဲ့
ဖဲကြိုးဝါတောင် သတိရလိုက်ပါရဲ့။
အရပ်ဖက်ကို တပ်ကရွှေ့တာ
ဘာထူးဆန်းလို့တုန်းလို့ ဇာဂနာဖြင့်
မတွေးတတ်အောင်ပါပဲ။
လွှတ်တော်ထဲက ၂၅ရာခိုင်နှုန်းကို
တောင် ဖယ်လို့မရသေးဘဲ
ရွေးကောက်ပွဲတွေ ၀င်ကြ
ထောက်ခံခိုင်းကြ။
မဖယ်တော့လည်း ရွေးကောက်ပွဲ
မ၀င်ဖူးလားဆိုတော့ ၀င်တာပါပဲ။
ဒါများ သက်သက်မယ့် လက်ညောင်းခံ
လက်မှတ်ထိုးခိုင်း အာအညောင်းခံ
အော်ခိုင်း ဟစ်ခိုင်းခဲ့သေးသဗျ။
နောက်ဆုံးတော့ ကျောက်လုံးက
ကျောက်လုံးပါပဲပေါ့လေ။
လွှတ်တော်ထဲက ဖယ်ကိုမဖယ်ပါဘူး။
အဲဒါကော ဘာဖဲကြိုး တတ်ရမလဲခင်ဗျာ။
ဗေဒင်ဆရာကြီးများလည်း ဓာတ်ရိုက်
ဓာတ်ဆင်လုပ်ပြီး အရောင်ရွေးပေးပါဦး။
ရွေးကောက်ပွဲ အရေးကြီးပါတယ်ဆိုမှ
ဖဲကြိုးနဲ့ လာတိုးနေတာကိုး။
ကိုင်းဗျာ။
တပ်မတော်ကနေ ရွှေ့မလာတဲ့ဌာန ဘယ်မှာများရှိလို့လဲ။
မသိလို့ မေးတာနော်၊
စိတ်မဆိုးရဖူးပေါ့ ခင်ဗျာ။
ဇာဂနာတို့ တက္ကသိုလ်ကျောင်းသား
ဘ၀တုန်းကလည်း ပါမောက္ခလုပ်ဖို့
တပ်က ရွှေ့လာတာပဲ။
မြန်မာ့ရုပ်မြင်သံကြားကိုလည်း တပ်က
ရွှေ့လာတာပဲ။
မြန်မာ့ရုပ်ရှင်ကိုရော၊
စာပေလုပ်သားကိုရော၊
ဟော…..သဘင်ကောင်စီကိုပါ
တပ်က ရွှေ့လာတာပဲ မဟုတ်လား။
ဒါများ အဆန်းလုပ်လို့။
လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းကိုပဲ
ဖဲကြိုး တပ်ကြပါဦး။
အဲဒါ ပိုအရေးပါပါတယ် ခင်ဗျာ။
ဖဲကြိုးမှ မပြတ်သေးဖူး။
ဘတ်စ်ကားတွေက တစ်စခန်းထပါလေရော။
ကိုင်းဗျာ။
စည်းနဲ့ကမ်းနဲ့ မမောင်းဘဲ
လမ်းစည်းကမ်း ယာဉ်စည်းကမ်း
ချိုးဖောက်ရင် ဒဏ်ကြေး
သုံးသောင်းဆိုတာနဲ့
သပိတ်မှောက်တယ်တဲ့။
စည်းကမ်း ဥပဒေကို မလိုက်နာနိုင်လို့
သပိတ်မှောက်သတဲ့။
ဒါကိုပဲ နိုင်ငံခြား အသံလွှင့်ဌာနတို့
သတင်းဂျာနယ်တို့က ဥပဒေ
ပြန်ပြင်ပေးရမလိုလို
ခရီးသွားပြည်သူတွေကို ငဲ့ကွက်ပြီး
သုံးသောင်းကို လျော့ရတော့ မလိုလို
ပြောကြပြန်ရော ခင်ဗျာ။
ဇာ၈နာဖြင့် နားကိုမလည်ပါဘူး။
အဲဒီသတင်းစာ ဂျာနယ်တွေ
သတင်းဌာနတွေပဲ ဘတ်စ်ကားတွေ
စည်းကမ်းမရှိလို့ မောင်းချင်သလို
မောင်းလို့ ခရီးသွားပြည်သူတွေ
အသက်ဘေး ဆုံးရှုံးရတယ်တို့
လုပ်သားပြည်သူတွေ
စော်ကားခံနေရတာ နေ့တိုင်းပဲတို့
ဆိုတာတွေ ရေးခဲ့ပြောခဲ့ကြတာ
မဟုတ်လား။
ကာတွန်းဆရာတွေလည်း ဆွဲခဲ့ကြတယ်
မဟုတ်လား။
ခုစည်းကမ်းတကျ ဖြစ်အောင်
ဒဏ်သတ်မှတ်ပြန်တော့ စည်းနဲ့ကမ်းနဲ့
မောင်းဖို့ မတိုက်တွန်းပဲ ဘတ်စ်ကားတွေ
ဘက်ကနေ၀င်ပြီး
မြှောက်ပေးနေကြပြန်ရော။
အမှန်ကတော့ တစ်သက်လုံး
သပိတ်မှောက်လိုက်ရမှာ။
မလှန်တမ်းမှောက်။
ပြီးတာပဲ
ဒါမှအများပိုင် ဘတ်စ်ကားလိုင်း ဆိုတာကြီး ငွားငွားစွင့်စွင့်နဲ့ ပြည်သူတွေကို ကယ်တင်ပေးဖို့ အလို့ငှာ ပေါ်ထွက်လာပေတော့မှာပေါ့။
အမယ် ကယ်တင်တယ်ဆိုမှ
ပြောရဦးမယ် ခင်ဗျာ။
ရွေးကောက်ပွဲ နီးပြီဆိုတော့
အပြိုင်အဆိုင် မဲဆွယ်နေကြတာပေါ့လေ။
ဒါကတော့ထုံးစံပါပဲ။
ဟုတ်ဟုတ်မဟုတ်ဟုတ်။
လမ်းခင်းပေးမယ်၊
မီးလာအောင်လုပ်ပေးမယ်
ရေလာအောင်လုပ်ပေးမယ် စသဖြင့်
စသဖြင့်ပေါ့လေ၊
မစားရ ၀ခမန်းပြောကြ
ရေးကြတော့မှာပေါ့။
ထုံးစံအတိုင်းပေါ့။
ဒါက ချဲစကားနဲ့ဆိုရင်တော့
ကလင်ဒါကျပေါ့နော့။
သို့သော် ပြည်သူတွေရဲ့ ဘ၀ကို ကယ်တင်မယ် ဆိုတာကြီးကတော့ ဇာဂနာတော့ နားမလည်ဘူး ခင်ဗျာ။
သူ့ကိုသာမဲပေးလိုက် ပြည်သူတွေကို
ကယ်တင်ဖို့ အဆင်သင့် ရှိနေတယ်ဆိုပဲ။
စူပါမင်းလား စပိုင်ဒါမင်းလား
အိုင်းယွန်းမင်းလား။
တော်တော်တော့ ထူးဆန်းတာအမှန်ပါ။
ရှိသေးဗျ။
ခုလို ပြည်သူတွေဆီ တကူးတက
မိုးထဲရေထဲလာတာ ပြည်သူတွေရဲ့
ဘ၀ကို ကိုယ်တိုင်သိမြင် ခံစားနိုင်ပြီး
မြှင့်တင်ပေးဖို့လာတာတဲ့။
ငင် ဘယ့်နှာကြီးတုန်းဗျာ။
ပြည်သူတွေက အရင်ကလည်း
သည်လိုပဲနေခဲ့
သည်လိုပဲစားခဲ့ကြတာပါ။
ခုမှ မိုးရေအစိုခံလာပြီး ကယ်တင်ရှင်
လာလုပ်နေလေတော့
အော် တော်တော်ထူးတဲ့ လူသားတွေပဲ၊
ရုံသွင်းပြဖို့ ကောင်းလိုက်တာလို့ တွေးမိသဗျ။
ဆက်မိစပ်မိလို့ ပြောပါရစေ။
၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်က
ဇာဂနာ့မိတ်ဆွေ တစ်ယောက်က
ရွေးကောက်ပွဲ မဲဆွယ်ဖို့
နယ်ကိုသွားတယ် ခင်ဗျာ။
ဇာဂနာ့ကိုလည်း သူနဲ့အတူ လိုက်ခဲ့ဖို့
ခေါ်တာပေါ့လေ။
အတွေ့အကြုံ ရတယ်ဆိုပြီး
ဇာဂနာလည်း လိုက်သွားတာပေါ့။
နယ်ခံတွေကလည်း ဇာဂနာ့
မိတ်ဆွေအတွက် ထမင်းတွေ
ဟင်းတွေချက်၊
လှည်းတွေ ဆယ့်လေးငါးစင်းမှာ
အလံတွေတပ်။
ဆိုင်းဘုတ်တွေ ထောင်။
အသံချဲ့စက်တွေ တပ်ပေါ့ခင်ဗျာ။
တစ်ရွာဝင် တစ်ရွာထွက် လှည့်ပြီး
မဲဆွယ်ဟောပြောမှာကိုး။
ထမင်းအိုး ဟင်းအိုးတွေလည်း
လှည်းပေါ် တင်ရတော့တာပေါ့။
တိုတိုပြောရရင် လှည်းတပ်ကြီး
ချီတက်လာတာပေါ့။
ရွှေမန်းတင်မောင်ရဲ့ လှည်းသား
ငါးရာထဲကလိုပေါ့ ခင်ဗျာ။
အမယ်။
အိုးစည် ဒိုးပတ်ဝိုင်းကလည်း
ပါသေးဗျာ။
ဒီလိုနဲ့ တစ်ရွာဝင်လိုက် အားပါးတရဟောလိုက်။
ဒီမိုကရေစီရရင် ချမ်းသာပြီတို့၊
စစ်အာဏာရှင် ဘ၀ကလွတ်မှ
ပြည်သူတွေဘ၀ တိုးတက်မှာတို့
ဒါမျိုးတွေ လက်သီးလက်မောင်း
တန်းတော့တာပေါ့။
လေးငါးရွာလောက်လည်း
ဟောပြီးရော ဇာဂနာ့သူငယ်ချင်းလည်း
ပွဲပန်းပြီ ခင်ဗျာ။
ထမင်းတွေ ဟင်းတွေလည်း
သိုးကုန်မှာစိုးလို့ သစ်ပင်ရိပ်
ကောင်းကောင်းမှာ ၀ိုင်းဖွဲ့စားကြတာပေါ့
ခင်ဗျာ။
နယ်ခံတွေကလည်း ဇာဂနာ့သူငယ်ချင်း
ဟောတာ သိပ်ကိုကောင်း
သိပ်ကိုထိတာပဲရယ်လို့ ချီးမွမ်းခန်းတွေ
ဖွင့်လေတော့ ငနဲသားက သဘောတော်
ခွေ့နေတာပေါ့။
ဒါပေမဲ့ သူက လူလည်ခင်ဗျာ။
လည်ရမှာပေါ့လေ။
အမတ်လောင်းကိုး။
လှည်းသမားတွေ အုပ်စုဖွဲ့ စားနေတဲ့
အနားရောက်အောင် သွားပြီး
လှည်းသမား အဖိုးကြီးတွေနဲ့ ၀ိုင်းဖွဲ့
ဝင်စားတာခင်ဗျာ။
ပြီးတော့ ဇာဂနာ့ သူငယ်ချင်းက
မေးပါလေရော။
ဦးကြီးတို့ ကျွန်တော်ဟောတာ
နားထောင်ရဲ့လားဆိုတော့
အဖိုးကြီးတွေက
အင်းပေါ့ နားထောင်တာပေါ့တဲ့။
ကောင်းရဲ့လားလို့ ထပ်မေးတော့
အင်းပေါ့ကောင်းတာပေါ့တဲ့။
ဒီမှာတင် ဇာဂနာ့ သူငယ်ချင်းက
အားတွေ တက်လာပြီး
“ကျွန်တော် ခုလိုတကူးတကလာပြီး
ဟောပြောနေရတာ ဦးကြီးတို့
ပြည်သူတွေ ချမ်းသာစေချင်လို့ဗျ။
သိလား။
ကျွန်တော်ခုလို လုပ်နေတာတွေက
ဦးကြီးတို့အတွက်ဗျ”
လို့လည်း ဆိုလိုက်ရော လှည်းသမား
ဦးကြီးတွေ မြွေကိုင်မိသလို
အထိတ်တလန့်နဲ့ ထမင်းလုပ်ချပြီး
တညီတညာ ပြန်ပြောလိုက်တာ
ကတော့
“အမလေးဗျာ။
ကျုပ်တို့အတွက် ဟုတ်သလား။
သိပါဖူး။
ငါတို့က မင်းအတွက် မင်း
လိုက်ဟောနေတယ် မှတ်တာ။
ငါတို့အတွက် ဆိုရင်တော့ အပင်ပန်းခံ
ဟောမနေပါနဲ့တော့ ပြန်ပါတော့။
ငါတို့ နေသားကျနေပါပြီကွ” တဲ့ ခင်ဗျာ။
ဇာဂနာ့ သူငယ်ချင်းလည်း
ဘာပြန်ပြောရမှန်း မသိအောင်
မျက်လုံးအပြူးသားကြီးနဲ့ ဘီလူး
သံပုရာသီး ငုံထားတဲ့ မျက်နှာကြီး
ဖြစ်သွားပါတော့တယ်။
ဟဲဟဲ။
ခုလို ဖောက်သည်ပြန်ချတာ ဇာဂနာ
သိလို့တော့ မဟုတ်ဖူးခင်ဗျာ။
စစ်အစိုးရက အကွက်ဆင်
ဖမ်းခံရတာတောင် အမှတ်သည်းခြေ
မရှိဘဲ အစိုးရ လော်ဘီ လိုက်လုပ်နေတဲ့
စာနယ်ဇင်း ကောင်စီ (ယာယီ)က
ဇော်သက်ထွေး ပြောပြတာပါခင်ဗျာ။
သူက နှံ့စပ်တယ် ခင်ဗျာ။
မာဆတ်မှာနှိပ်တဲ့ ကောင်မလေးတွေကို
မွေးပြီး သတင်းယူ တတ်တာကိုးလို့နော့။
:-) :-) :-)
:-) :-) :-)
ဇာဂနာ
tomorrow ဂျာနယ်မှ
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment