Thursday, September 24, 2015

ငြိမ်းချမ်းရေး တည်ဆောက်မှုကို နိုင်ငံရေးအရ အမြတ်မထုတ်ရန်လိုဟု တပ်ချုပ်ပြောကြား

ငြိမ်းချမ်းရေး တည်ဆောက်မှုကို နိုင်ငံရေးအရ အမြတ်မထုတ်ရန်လိုဟု တပ်ချုပ်ပြောကြား
Wednesday, September 23, 2015

အောက်တိုဘာလ အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ယေဘုယျ သဘောတူထားပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုကို နိုင်ငံရေးအရ အမြတ်မထုတ်ရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ငြိမ်းချမ်းရေး တည်ဆောက်မှုကို အမြတ်မထုတ်ဘဲ ငြိမ်းချမ်းရေး၊ တိုးတက်ရေးကို ဦးတည်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
စက်တင်ဘာလ ၂၂ရက်က ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရေးကြီးတာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ပြီး နိုင်ငံရေးအရ အမြတ်မထုတ်ဘဲ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး အမှန်တကယ် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိရန် လိုပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်က သတင်း ထုတ်ပြန်ချက်ကို ကိုးကားပြောကြားသည်။
ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် ညှိနှိုင်းမှုများကို သိရပြီး တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်၍ တပ်မတော်သည် အရေးပါကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဂျပန်-မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ပညာရေး၊ ဆက်ဆံရေး၊ စီးပွားရေး စသည့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည့် အပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှု ပူးပေါင်းမြှင့်တင်ရေး ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ယင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံ၏ အကူအညီများကို ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ရန် ဂျပန်နိုင်ငံသို့ သင်တန်းသားများ ပိုမိုစေလွှတ်နိုင်ရေး စီစဉ် ဆောင်ရွက်နေသည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: