Thursday, September 24, 2015

ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစ်ီပါတီ (DNDP) ၏ ဟောပြောချက်များ ------------------------

ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစ်ီပါတီ (DNDP) ၏ ဟောပြောချက်များ
--------------------------------------------------------------------------------------
ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ(DNDP)သည် ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို စက်တင်ဘာ ၂၃ ရက် ည ၇ နာရီတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့သည်။ အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

လေးစားအပ်ပါသော မြန်မာနိုင်ငံသူ/နိုင်ငံသား၊ မိဘပြည်သူများ ခင်ဗျား-

ကောင်းကျိုးလိုရာဆန္ဒနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်...။ ကျွန်တော်ကတော့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (DNDP)မှ ဗဟိုကော်မတီအတွင်းရေးမှူး ဦးကိုကိုဖြစ်ပါတယ်။

ဒီကနေ့ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံထုတ်လွှင့်မှု အစီအစဉ်မှာ မြန်မာနိုင်ငံ သူ/နိုင်ငံသားများ သိရှိနိုင်ရန် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၏ မူဝါဒရှေ့လုပ်ငန်းစဉ်များကို တင်ပြသွားမှာဖြစ်ပါတယ်။ ပဏာမအနေနဲ့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အကြောင်းကို အကျဉ်းမျှတင်ပြပါရစေ။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)ဟု အမည်ပြုထားသော်လည်း ရှေးပဝေသဏီခေတ်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ အတူနေ တိုင်းရင်းသားများ အားလုံးရဲ့အကျိုးကို ကျောသားရင်သား မခွဲခြားဘဲ အေးအတူ ပူအမျှ တန်းတူညီမျှသော အကျိုးကို ဆောင်ကြဉ်းပေးလိုတဲ့အတွက် ဒီနာမည်ကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှာလည်း ပအိုဝ်းလူမျိုး ကိုယ်စားလှယ်၊ တောင်ရိုးလူမျိုး ကိုယ်စားလှယ် စသည်ဖြင့် ပါဝင်နေပြီး ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မြန်မာနိုင်ငံသူ/ နိုင်ငံသား၊ မိဘပြည်သူ အပေါင်းနှင့် ဓနုတိုင်းရင်းသား အပေါင်းတို့ခင်ဗျား-

ကျွန်တော်တို့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီကို ၂ဝ၁ဝ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲ အပြီး ၂ဝ၁၂ ခုနှစ် မေလမှာ စတင်တည်ထောင် ခဲ့ကြတာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ တရား ဝင်ပါတီတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မှတ်ပုံတင်အမှတ် က (၅၇)ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့အလံဟာ အနီရောင် ထောင့်မှန်စတုဂံပုံ အလယ်တည့်တည့်မှာ အဖြူရောင်အဝိုင်းတစ်ခု ပါရှိပြီး အဖြူရောင် အဝိုင်းအတွင်းမှာ ဓနုအိုးစည်ပုံပါရှိပါတယ်။ ဓနုအိုးစည်ပုံပါတဲ့ အဖြူရောင်အဝိုင်းကို အရွယ်တူ ရွှေဝါရောင်ကြယ် (၁၄) လုံးက ဝန်းရံထားတဲ့ပုံဖြစ် ပါတယ်။ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရရင် ''ပြည်ထောင်စုထဲက ဓနုလူမျိုး''ဟူ၍ ရည်ညွှန်းလိုခြင်း ဖြစ်ပါတယ်။ ပါတီ၏ အမှတ်တံဆိပ် ကတော့ အနီရောင်အောက်ခံရဲ့ ဘယ်ဘက်ထိပ်မှ ဓနုအိုးစည်ပုံပါ အဖြူရောင်အဝိုင်း ပါရှိပြီး အဝိုင်းရဲ့ နံဘေးဘက်နဲ့ အောက်ဘက်တွေမှာ ပါတီရဲ့အမည်ကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ထင်ရှားစွာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီရဲ့ အောင်နိုင်ရေးဆောင်ပုဒ်ကတော့ အင်္ဂလိပ်ဘာသာအားဖြင့် "EQUALITY" ၊ မြန်မာဘာသာဖြင့် ''တန်းတူညီမျှ ဖြစ်စေမည်'' ဖြစ်ပါတယ်။ ဓနုလူမျိုးရဲ့သမိုင်းကြောင်းကို တင်ပြရင် အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေမှာ နိုးကြားတက်ကြွစွာ ပါဝင်ခဲ့ကြပြီး မြန်မာ့လွတ်လပ်ရေး ပန်းတိုင်တစ်ခုဖြစ်တဲ့ ပင်လုံစာချုပ်မှာ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဓနုလူမျိုး ဦးခွန်စောက ပါဝင်လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ(DNDP)ရဲ့ ရည်ရွယ် ချက်အချုပ်ကို တင်ပြရရင် ပြည်ထောင် စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ အားလုံး တန်းတူရည်တူ အပြန်အလှန် လေးစား တန်ဖိုးထားရေး၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို ထာဝရရှင်သန်စေပြီး ဥပဒေဘောင်အတွင်း အတူတကွ နေထိုင်နိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ တိုးတက်လာနိုင်စေရေး ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးအား ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် အခြားခြားသော တိုင်းရင်းသားများနှင့်အတူ လက်တွဲပူးပေါင်း ပါဝင်ရေးနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်နေခဲ့သော နောင်ချိုမြို့နယ်အား ပါဝင်သတ်မှတ်နိုင်ရေး အတွက် ဦးဆောင်ကြိုးပမ်း လှုပ်ရှားရေး တို့ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ရဲ့ ရှေ့လုပ်ငန်းစဉ် အကြောင်းကို တင်ပြလိုပါတယ်။

၁။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ရေးသားဟောပြောခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်းပြုပိုင်ခွင့်များကို တရားဥပဒေနှင့်သော် လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း မဆန့်ကျင်လျှင် လွတ်လပ် စွာ ပြုမူဆောင်ရွက်နိုင်သော အခြေခံ ရပိုင်ခွင့်ရရှိစေရေး အတွက် ကြိုးပမ်းသွားမည်။

၂။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တိုင်းရင်းသားအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ် အသီးသီးတွင် တန်းတူရည်တူလုပ်ပိုင်ခွင့်များ ရရှိစေရေးကြိုးပမ်းသွားမည်။

၃။ တိုင်းရင်းသား လူမျိုးတိုင်းသည် မိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ကို စောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခွင့်များရရှိစေရေး ဆောင်ရွက်သွားမည်။

၎။ နှစ်ပေါင်း (၆ဝ)ကျော်တိုင်အောင် မပြီးဆုံးသေးသော ပြည်တွင်းစစ်ကို ရပ်စဲစေပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက် သွားမည်။

၅။ ဓနုဒေသအတွင်း စီးပွားရေး တိုးတက်မြင့်မားလာစေရန် ပြည်တွင်း၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေ များနှင့် ထောက်ပံ့ငွေများကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းကြီးများ၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာများနှင့် အပြန်အလှန်လေးစားရေး၊ တန်းတူ ရည်တူရေး၊ ချစ်ကြည်ရေးမူများဖြင့် ဆက်ခံ၊ လက်ခံဆောင်ရွက်သွားမည်။

၆။ ဓနုဒေသအတွင်း အရင်းအနှီးဖူလုံစေရန်၊ တိုင်းရင်းသားတို့၏ စုဆောင်းမှုမြင့်မား လာစေပြီး စုဆောင်းသမျှ တိုးပွားမှုရှိစေရန်နှင့် တစ်ဖက်တွင် စီးပွားရေး လုပ်ငန်းများအတွက် ချေးယူနိုင်သော ရန်ပုံငွေ ပမာဏပေါများလာစေရန် အတွက် ပြည်ထောင်စု အတွင်းရှိဘဏ်များ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် ဆက်သွယ် အကူအညီရယူပြီး ကျယ်ပြန့်နက် ရှိုင်းစွာ ဖော်ဆောင်သွားမည်။

၇။ ကျေးလက်နေပြည်သူတို့ဘဝ တိုးတက်မြင့်မားလာစေရေး အတွက် စီးပွားရေး အထောက်အကူပြု အစီအစဉ်များ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု အစီအမံများ ဆောင်ရွက်သွားမည်။

၈။ ဒေသတွင်းပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးစသည့် လူ့အဖွဲ့အစည်း၏ အခြေခံ လိုအပ်ချက်များပြည့်စုံ ကုံလုံမှုရှိအောင် ဆောင်ရွက်သွားမည်။

၉။ သစ်တောပြုန်းတီးခြင်း၊ မြေပြိုခြင်း၊ ချောင်းမြောင်းများ တိမ်ကောလာခြင်း၊ ရာသီဥတု ဖောက်ပြန်လာခြင်းစသော သဘာဝ ဘေးအန္တရာယ်များကို လက်တွေ့ကျသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများချမှတ်ပြီး တားဆီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီရယူကာ ဒေသအတွင်း ကြိုးပမ်းဆောင်ရွက်သွားမည်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍစတဲ့ လူမှုရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး (၂ဝ၁ဝ)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကြိုးစားအားထုတ်မှုကြောင့် အခန်းကဏ္ဍပေါင်းစုံမှာ တိုးတက်လာနေပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သက်တမ်းကာလမှာလည်း ကြိုးစားဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကိုလည်း ဓနုလူမျိုးတစ်မျိုးတည်းသာ ကွက်ပြီး ခံစားရခြင်းမဟုတ်ဘဲ ဒေသအတွင်းမှာ အတူယှဉ်တွဲနေထိုင်ကြ တဲ့ ညီနောင်တိုင်းရင်းသားများ အားလုံးဟာလည်း အတူတကွ ခံစားရရှိနေကြပြီဖြစ်ပါတယ်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဟာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားခြင်း မဟုတ်ဘဲ ဒေသဆိုင်ရာ ပါတီတစ်ခုအဖြစ် မှတ်ပုံတင်ထားခြင်းသာဖြစ်ပါတယ်။ သို့ဖြစ်သည့်အားလျော်စွာ (၂ဝ၁၅)ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှာသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ပင်းတယမြို့နဲ့ ရွာငံမြို့နယ်မှာ (၇)ဦး၊ နောင်ချိုမြို့နယ်နဲ့ ကလောမြို့နယ်တွေမှာ (၄)ဦးစီနဲ့ ရပ်စောက်မြို့နယ်နဲ့ တောင်ကြီးမြို့နယ်တွေမှာ (၂)ဦးစီ အားလုံးပေါင်း(၁၉)ဦး ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

လွှတ်တော်အဆင့် အနေနဲ့တင်ပြရင် ပြည်သူ့လွှတ်တော် အတွက်(၅)ဦး၊ အမျိုးသားလွှတ်တော်အတွက် (၃)ဦးနဲ့ ပြည်နယ် လွှတ်တော် အတွက်(၁၁)ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) မှကိုယ်စားလှယ်များ အနိုင်ရရှိပါက တိုင်းရင်းသားများ ရသင့်ရထိုက်သည့် တန်းတူညီမျှ အခွင့်အရေးများကို လွှတ်တော်ထဲမှာ ကြိုးစားဆောင်ရွက် ပေးသွားမှာဖြစ်သကဲ့သို့ အမိမြန်မာပြည် ခေတ်မီဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်လည်း အခြားလွှတ်တော် ကိုယ်စားလှယ်များ အားလုံးနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အထူးလေးစားရပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

မိဘပြည်သူများအားလုံးကို ပန်ကြားမေတ္တာ ရပ်ခံလိုတာကတော့ (၂ဝ၁၅)ခုနှစ် (နိုဝင်ဘာ)လ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့ ကိုယ်စားလှယ်များကို မဲပေးကြဖို့အတွက် မိဘပြည်သူများရဲ့ မေတ္တာ၊ စေတနာတွေကို ခံယူပါရစေ။

နိဂုံးချုပ်အနေဖြင့် နောင်လာမည့်အနာဂတ်ကာလတွင် တိုင်းရင်းသားလူမျိုးများ အားလုံး တန်းတူညီမျှဖြစ်စေဖို့၊ တန်းတူညီမျှ တိုးတက်စေဖို့၊ EQUALITY ဖြစ်စေဖို့ (၂ဝ၁၅)ခုနှစ် (နိုဝင်ဘာ)လ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက် ပွဲကြီးမှာ မိမိတို့အသည်းကြားကမဲတစ်ပြားကို မှန်ကန်သောအတွေးအခေါ်၊ ပြည့်ဝသောခံယူချက်၊ ထက်သန်သော စိတ်စေတနာတို့ဖြင့် ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP) ရဲ့ လွှတ်တော်အဆင့်ဆင့် မဲပုံးများထဲသို့ မဲထည့်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

''တိုင်းရင်းသား တိုင်းတန်းတူညီမျှ ဖြစ်စေဖို့ အိုးစည်ပုံကို မဲထည့်ကြစို့''

အားလုံးကို ကျေးဇူးတင်ပါတယ်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: