မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 8, 2015
လူကုန်ကူးမှ သတိပြု ===============
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
လူကုန်ကူးမှ သတိပြု
=================
လူကုန်ကူးသူများသည် လူတို့၏ အခက်အခဲအကျပ် အတည်းများကို အမြဲမပြတ် စောင့်ကြည့်ပြီး အခွင့်အရေးကို အမိအရ အသုံးချလေ့ရှိပါသည်။ လူတို့၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ လူမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်တတ်ကြ ပါသည်။ လူတို့၏ စီးပွားရေးအကျပ်အတည်း၊ အသိဉာဏ် နည်းပါးမှု၊ ဘေးဒုက္ခတို့ ရင်ဆိုင်နေရချိန် မက်လုံးများပေးကာ လူမှောင်ခိုအဖြစ် စည်းရုံးသိမ်းသွင်းလေ့ရှိပါသည်။
မြန်မာနိုင်ငံတွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁)ခုတို့၌ ရေကြီးရေလျှံမှုများဖြစ်ကာ လူပေါင်း ၂၇ဝဝဝဝ ခန့် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။ အိမ်ထောင်စုအများအပြား အိမ်တွင်းအိမ်ပြင် ပစ္စည်းများ၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ဤအခက်အခဲအကျပ်အတည်းများကို အခွင့်အလမ်းတစ်ရပ် အဖြစ် အသုံးချကာ လူမှောင်ခိုများကို မျက်ခြည်မပြတ် လေ့လာ သတိပြုရန် လိုအပ်လိမ့်မည်ဖြစ်ပါသည်။ အားနည်းချက်ကို အသုံးချပြီး လူမှောင်ခိုများ ဖြစ်ပွားလာနိုင်ပါသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျေးလက်ဒေသများအထိ ဖြန့်ကြက်ကာ လူမှောင်ခိုကူးမှု တားဆီးရေး အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ကာ ဆောင်ရွက်သွားရန် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း ကြားသိရပါသည်။ မကြာသေးမီက နိုင်ငံ တကာ သတင်းတစ်ရပ်တွင် ငလျင်သဘာဝဘေးဒဏ် အကြီး အကျယ်ခံရသည့် နီပေါနိုင်ငံမှ အမျိုးသမီး ၂၇ ဦးကို လူမှောင်ခို ကူးရန် ကြိုးပမ်းခဲ့ရာ အိန္ဒိယရဲတပ်ဖွဲ့က ကယ်တင်ပြီး နေရင်း နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ငလျင်ဒဏ်ခံဒေသမှ နီပေါအမျိုး သမီးအချို့သည် အရှေ့အလယ်ပိုင်းဒေသနှင့် ကင်ညာ၊ တန်ဇန်း နီးယားတို့၌ လူမှောင်ခိုကူးခံနေရသည်ဟု ဆိုထားပါသည်။ ဤသည်ကို ထောက်ရှုလျက် လူမှောင်ခိုများသည် လူတို့၏အခက်အခဲ အကျပ်အတည်းကို အခွင့်ကောင်းယူကာ လူမှောင်ခို ကူးလေ့ရှိကြောင်းကို အသိပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
''တောမီးလောင် တောကြောင် လက်ခမောင်းခတ်'' ဆိုသည့် စကားအတိုင်း လူမှောင်ခိုကူးသူများ၊ မသမာမှု လုပ်ငန်းများ လုပ်ကိုင်သူများသည် လူတို့၏ အခက်အခဲကို အခွင့်အလမ်းအဖြစ် အသုံးချတတ်ပါသည်။ သို့ဖြစ်၍ သဘာဝ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများတွင် လူမှောင်ခိုကူးမှု များ မပေါ်ပေါက်ရေးအတွက် ဆင်ခြင်တုံတရားလက်ကိုင်ပြု ကာ အသိ၊ သတိရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment