Saturday, August 8, 2015

ရေဘေးကာလမှာအသုံးဝင်မယ့် အွန်လိုင်းပေါ်က ၀က်ဘ်ဆိုက်များ ==========================================

ရေဘေးကာလမှာအသုံးဝင်မယ့် အွန်လိုင်းပေါ်က ၀က်ဘ်ဆိုက်များ ========================================== သူရဖြိုး မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဇူလိုင်လကုန်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ဖြစ်ပွားသော ရေကြီးရေလျှံမှုများမှာ အဆိုးဆုံးဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် အကူအညီလိုအပ်လျက်ရှိကာ မြန်မာနိုင်ငံအနှံ့မှ စေတနာရှင်များက အလှူငွေများ ကောက်ခံ၍ အထောက်အပံ့များ ပေးပို့လျက်ရှိသည်။ ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်နေသည့်အချိန်တွင် ရေဘေးသင့်ပြည်သူများနှင့် အကူအညီပေးမည့် အလှူရှင်များအား အထောက်အပံ့ဖြစ်စေရန်အတွက် နည်းပညာကျွမ်းကျင်သူများက သတင်းဝက်ဘ်ဆိုက်များပြုလုပ်၍ သတင်းများအပါအဝင် သိသင့်သည်များကို မြန်မာဘာသာဖြင့် တင်ပေးလျက်ရှိသည်။ ရေဘေးကြုံနေရသူများ၊ ရေဘေးအန္တရာယ်ကြုံတွေ့ နိုင်သည့် ဒေသများမှပြည်သူများနှင့် ရေဘေးကြုံသည့်ဒေသသို့သွားရောက်မည့် အလှူရှင်များအနေဖြင့် အွန်လိုင်းပေါ်တွင် ကြည့်ရှုသင့်သည့် ဝက်ဘ်ဆိုက်အချို့ကို စုစည်းဖော်ပြပါသည်။ http://www.dmh.gov.mm/my dmh.gov.mm ဟာ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအတွက် အသစ်တင်ထားတဲ့ ဝက်ဘ်ဆိုက်သစ်တစ်ခု မဟုတ်ပေမယ့် အခုလိုရေကြီးရေလျှံဖြစ်နေတဲ့ကာလမှာ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ခန့်မှန်းချက်၊ သတိပေးချက်၊ ထုတ်ပြန်ချက်၊ သတင်းများ၊ သဘာဝဘေးအန္တရာယ်၊ လူထုပညာပေး စတဲ့ ခေါင်းစဉ်တွေပါဝင်ပါတယ်။ ခန့်မှန်းချက်မှာ နေ့စဉ်၊ ၁ဝ ရက်ပတ်နဲ့ လပတ်မိုးလေ ဝသ အစီအစဉ်တွေ၊ မိုးဦး မိုးလယ် မိုးနှောင်းကာလ၊ ဆောင်းရာသီကာလ မိုးလေဝသခန့်မှန်းချက်တွေ၊ ပင် လယ်ပြင်ခရီး မိုးလေဝသခန့်မှန်းချက်တွေ ပါဝင်ပါတယ်။ သတိပေးချက်မှာတော့ မုန်တိုင်းသတိပေးချက်၊ မုန်တိုင်း ဒီရေ သတိပေးချက်၊ မြစ်ရေကြီးခြင်း သတိပေးချက်၊ လေပြင်းတိုက်ခတ်မည့် သတိပေးချက်၊ ဆိပ်ကမ်းများသို့ သတိပေးချက်၊ အချိန်အခါမဟုတ်မိုးသတိပေးချက်၊ ဆူနာမီသတိပေးချက်၊ မိုးရေကြီးမည့် သတိပေးချက် စတာတွေ ပါဝင်ပါတယ်။ ထုတ်ပြန်ချက်မှာတော့ မြစ်ရေ အခြေအနေသတင်း၊ ထူးခြားမြစ်ရေအခြေအနေသတင်း၊ မုတ်သုံမိုးအခြေအနေသတင်း စတာတွေ ပါဝင်ပါတယ်။ သတင်းများမှာတော့ မိုး/ဇလဌာနသတင်း၊ မုန်တိုင်း သတင်းနဲ့ ငလျင်သတင်းတွေ ပါဝင်ပါတယ်။ မိုးလေဝသခန့်မှန်းချက်၊ မြစ်ရေခန့်မှန်းချက်၊ မြစ်ရေ အခြေအနေ သတင်းထုတ်ပြန်ချက်တွေကို နေ့စဉ်Update တင်ပေးနေတာမို့ မိုးလေဝသအခြေအနေကို အရေးတကြီး သိဖို့လိုနေတဲ့ အခုလိုအချိန်မှာ ကြည့်သင့် တဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ http://myanmardisaster.org/ ဒီဝက်ဘ်ဆိုက်ကတော့ အခုဖြစ်ပွားနေတဲ့ ရေဘေး အတွက် ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးမှာ အထောက် အပံ့ဖြစ်အောင်လုပ်ထားတဲ့ ဝက်ဘ်ဆိုက်အသစ်ဖြစ်ပါ တယ်။ လိုအပ်နေတဲ့ အကူအညီများ၊ ဒေသအခြေအနေ များ၊ သွားကူကြမယ့်သူတွေအတွက် ဆိုတဲ့ ခေါင်းစဉ်သုံးခု ပါဝင်ပါတယ်။ လိုအပ်နေတဲ့ အကူအညီများ ခေါင်းစဉ် အောက်မှာ ရေဘေးသင့်ဒေသအသီးသီးက ဒေသအလိုက် ဆန်၊ ရေ၊ ဆေးဝါး၊ စက်လှေ စသည်ဖြင့် မတူညီတဲ့ လိုအပ်ချက်တွေနဲ့ ဒေသခံတွေရဲ့ အကူအညီတောင်းမှု တွေကိုသိရှိအောင် ဖော်ပြထားပါတယ်။ ဖေ့စ်ဘုတ်မှာ ဒေသအလိုက်လူတွေ ရေးထားတာတွေကို တစ်နေရာ တည်းမှာ စုစည်းပေးနေတာဖြစ်ပြီး အချိန်နဲ့အမျှ အပ် ဒိတ်လုပ်ပေးနေတာ တွေ့ရပါတယ်။ ဒေသအခြေအနေများမှာတော့ မြို့နယ်တွေမှာ ဖွင့် ထားတဲ့ ကယ်ဆယ်ရေးစခန်းများရဲ့နေရာ၊ စခန်းမှာရှိတဲ့ လူဦးရေ၊ အဲဒီစခန်းတွေအတွက် ကူညီနေတဲ့အဖွဲ့တွေနဲ့ အကူအညီရောက်ရှိနေတဲ့ အခြေအနေ၊ လက်ရှိစား သောက်နေထိုင်ရတဲ့ အခြေအနေတွေနဲ့ လိုအပ်ချက်တွေ ကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဒေသအလိုက် မြစ်ရေ အခြေအနေနဲ့ အကူအညီပေးမယ့်အဖွဲ့တွေအနေနဲ့ သွား ရောက်ရင် လိုအပ်မယ့်အချက်တွေကိုလည်း သတင်း ဝက်ဘ်ဆိုက်အမျိုးမျိုးကနေ ရယူစုစည်းပြီး ဖော်ပြထား ပါတယ်။ သွားကူကြမယ့်သူတွေအတွက် ခေါင်းစဉ်အောက်မှာ တော့ ဆန်လိုသူတွေကို ဆန်စပါးကူညီပေးမယ့် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ကြေညာချက်၊ သောက်ရေ သန့်များ အခမဲ့ပေးမယ့် Alpine သောက်ရေသန့်ရဲ့ ကြေညာချက်၊ ရေသန့်ဆေးထုပ်တွေ အခမဲ့ရယူနိုင်မယ့် ကြေညာချက်၊ ရေဘေးသင့်မြို့တွေက အခမဲ့ တည်းခို နိုင်မယ့် နေရာတွေ၊ ရေဘေးသင့်ဒေသတွေကို သွား ရောက်မယ့်လူတွေအနေနဲ့ ယူသွားသင့်တဲ့ပစ္စည်းတွေနဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေ၊ ရေဘေးသင့်ဒေသတွေရဲ့ မြေပုံတွေ စသဖြင့် ပါဝင်ပါတယ်။ ရေဘေးသင့်ဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ ကြည့်ရှုသင့်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး အဲဒီဒေသ တွေကို သွားလှူမယ့်သူတွေအတွက်ကတော့ ကြည့်ဖြစ် အောင် ကြည့်သွားသင့်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ http://kunyi.asia/ ဒီဝက်ဘ်ဆိုက်ကလည်း အခုရေဘေးကြုံရတဲ့ကာလ မှာ အသစ်တင်ပေးထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်Myanmar Barcampers နဲ့ ကောလ်စင်တာဝန်ဆောင်မှု တွေပေးနေတဲ့ Blue Ocean တို့က ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုပေးပုံက ရိုးရှင်းပေမယ့် ထိရောက်တဲ့ ပုံစံဖြစ်ပါတယ်Hot Line ဖုန်းနံပါတ်တစ်ခုကို ထားပေးပြီး အဲဒီဖုန်းနံပါတ်ကို ဆက်သွယ်လာတဲ့ အကူအညီလိုအပ်တဲ့လူတွေဆီက တောင်းခံမှုတွေကို ဖော်ပြထားပါတယ်။ ကူညီမယ့် လူတွေက လှူချင်တဲ့၊ သွားရောက်နိုင်တဲ့ ဒေသတွေနဲ့ လှူနိုင်မယ့် စာရင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါ့ အပြင် လက်ရှိရေဘေးသင့်ဒေသတွေက လူဦးရေ၊ အကူ အညီတောင်းခံမှုတွေနဲ့ အကူအညီရောက်ရှိပြီးတဲ့ အခြေအနေတွေကိုလည်း မြို့နယ်အလိုက် စုစည်းဖော်ပြ ပေးထားပါတယ်။ အကူအညီ လိုအပ်တဲ့နေရာတွေမှာ တကယ်လိုတဲ့ ပစ္စည်းမရောက်ဖို့၊ မလိုအပ်တဲ့ပစ္စည်းတွေ ပုံမနေဖို့ အထောက်အကူပြုမှာဖြစ်သလို အလှူရှင်တွေအနေနဲ့ လည်း မိမိတို့ လှူလိုက်တဲ့ပစ္စည်းတွေဟာ လိုအပ်နေသူ တွေအတွက် တကယ်အကျိုးပြုအောင် ဒီဝက်ဘ်ဆိုက်က အထောက်အကူပြုမှာဖြစ်ပါတယ်။ http://myanic.com/ Myanic ဝက်ဘ်ဆိုက်ရဲ့ အပြည့်အစုံကMyanmar Information Center ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ရေဘေးအတွက် သြဂုတ် ၁ ရက်မှာစပြီး သီးသန့်တင်ပေး ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ရှိနေတဲ့ ဝက်ဘ်ဆိုက် တွေထဲမှာ အကြောင်းအရာ၊ ကဏ္ဍအစုံလင်ဆုံး ဝက်ဘ် ဆိုက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဝက်ဘ်ဆိုက်တစ်ခုပြုလုပ်ဖို့ စိတ်ကူးရပြီး ငါးနာရီအတွင်းမှာ ဝက်ဘ်ဆိုက်စတင် အွန်လိုင်းဖြစ်ခဲ့ သလို ရက်ပိုင်းအတွင်းမှာပဲ အချက်အလက်စုံလင်တဲ့ ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။ီDonation ခေါင်းစဉ်မှာ ရေဘေးသင့်ဒေသတွေ အတွက် အလှူသတင်းတွေကို မီဒီယာအမျိုးမျိုးကနေ စုစည်းပေးထားသလို ကုမ္ပဏီနဲ့ အသင်းအဖွဲ့တွေရဲ့ လှူဒါန်းမှုတွေ၊ ပရဟိတအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေ၊ ပရ ဟိတအဖွဲ့တွေအနေနဲ့ ရေသန့်ဆေးထုပ်တွေ အခမဲ့ရယူ သွားနိုင်မယ့် နေရာတွေ စသည်ဖြင့် အလှူနဲ့ ပတ်သက်တဲ့ သတင်းအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုး ပါဝင်ပါ တယ်။ Organization ခေါင်းစဉ်မှာတော့ ပရဟိတအဖွဲ့များ၊ ဖောင်ဒေးရှင်းများရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ ဖောင်ဒေးရှင်းတွေက လှူဒါန်းတဲ့ သတင်းတွေ၊ ပရဟိတ အဖွဲ့တွေရဲ့ အလှူခံတဲ့ ကြေညာချက်တွေ အစုံအလင် ပါဝင်ပါတယ်။ Flood Info ခေါင်းစဉ်အောက်မှာတော့ ရေကြီးမှု ဖြစ်ပွားနေတဲ့ ဒေသတွေက ရေအခြေအနေသတင်း၊ ဒေသတွေကို သွားရောက်ရမယ့် ခရီးစဉ်အခြေအနေ သတင်းတွေကို မီဒီယာတွေကနေ စုစည်းဖော်ပြထားပါ တယ်။ Weather News ကဏ္ဍမှာ မိုးလေဝသအခြေအနေ သတင်းတွေကို မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဝက်ဘ် ဆိုက်၊ ပါမောက္ခဒေါက်တာဦးထွန်းလွင်ရဲ့ ဖေ့စ်ဘုတ်၊ ဦးမောင်မောင်သန်းတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ စုစည်းဖော်ပြထားပါတယ်။ Public Voices ကဏ္ဍမှာတော့ ရေဘေးသင့်ဒေသ တွေက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စုစည်းဖော်ပြ ထားပါတယ်။ အလှူရှင်တွေ မစဉ်းစားမိတဲ့ ခိုင်းနွား ၄ဝဝဝ လောက်အတွက် နွားစာလိုအပ်လို့ အလှူခံနေတာ မျိုးကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။ လယ်သမားတွေ အတွက် နွားတွေဟာ မှီခိုအားထားနေရတဲ့သတ္တဝါဖြစ်တဲ့အတွက် နွားတွေမဆုံးရှုံးဖို့လည်း အရေးတကြီးလိုအပ် နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွားလှူပြီးတဲ့ အဖွဲ့တွေက သွားရောက်တဲ့ဒေသမှာ ကြုံရတဲ့အချက်တွေကို ပြန်ပြော ထားတာတွေ ပါဝင်ပြီး လှေနဲ့သွားရင် အသက်ကယ် အင်္ကျီပါယူသွားဖို့ အရေးကြီးပုံ၊ ဆန်ဈေးတက်နေတဲ့ အခြေအနေ၊ ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ ဆေးလိုအပ် မှုအခြေအနေ စသည်ဖြင့် ပြည်သူ့အသံမျိုးစုံ ပါဝင်ပါ တယ်။ Tips ဆိုတဲ့ ခေါင်းစဉ်မှာတော့ ရေဘေးသင့်ဒေသ တွေသာမက ရေဘေးကြုံနိုင်တဲ့ ဒေသတွေက ပြည်သူ တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေ၊ ကယ်ဆယ်ရေးအတွက် ကြိုပြင်ထားသင့်တဲ့အချက်တွေ၊ ရေဘေးသင့်ဒေသတွေကို သွားရောက်မယ့်လူတွေအတွက် ယူဆောင်သွားသင့်တဲ့ ဆေးဝါးနဲ့ အသက်ကယ်ပစ္စည်းတွေ၊ အကူအညီမရောက်သေးတဲ့ ရေဘေးသင့်ဒေသတွေမှာ သောက်ရေသန့်ရအောင် အလွယ်တကူ ရေစစ်ပြုလုပ် နည်းတွေ စသည့် ပညာပေးအချက်တွေကို ကျွမ်းကျင် သူတွေရဲ့ ရေးသားချက်တွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ ကြေညာချက်တွေကနေ ရှာဖွေစုစည်းပေးထား ပါတယ်။ မြေပုံများခေါင်းစဉ်အောက်မှာတော့ ရေဘေးသင့်တဲ့ မြို့နယ်တွေရဲ့ မြေပုံကိုကြည့်နိုင်ပြီး မြို့နယ်အလိုက် ရေ အခြေအနေ၊ ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု၊ လူဦးရေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးထားမှု စတဲ့ သတင်း တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ စုစည်းဖော်ပြပေးထား ပါတယ်။ Disaster Managements မှာတော့ ရေကြီးပြီးတဲ့ နောက်မှာ သွားရောက်လှူဒါန်းမယ့် အလှူရှင်တွေအနေနဲ့ မသွားမီ ပြင်ဆင်သင့်တဲ့အချက်တွေ၊ ရောက်ရှိရင် ဆောင် ရွက်ရမယ့်အချက်တွေ၊ နိုင်ငံတကာမှာ ကယ်ဆယ်ရေး လုပ်ငန်းလုပ်တဲ့အခါ လုပ်ဆောင်တဲ့အချက်တွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေရဲ့ အကြံပေးရေးသား ချက်တွေကို စုစည်းဖော်ပြထားပါတယ်။ ရေဘေးသင့်သူ တွေကို လတ်တလော ကယ်ဆယ်ရေးအတွက်သာမက ရေရှည်ပြန်လည်ထူထောင်ရမယ့် ကိစ္စတွေအတွက်ပါ အကြံပြုဖော်ပြထားလို့ ပရဟိတလုပ်နေသူတိုင်းလည်း ဝင်ကြည့်သင့်တဲ့နေရာ ဖြစ်ပါတယ်။ http://myanmarflood.info/ ဒီဝက်ဘ်ဆိုက်ဟာလည်း အခုဖြစ်ပွားနေတဲ့ ရေကြီး ရေလျှံမှုအတွက် ရေဘေးသင့်ပြည်သူတွေကို အကူအညီ ပေးဖို့ သီးသန့်တင်ထားတဲ့ ဝက်ဘ်ဆိုက်သစ်ဖြစ်ပါတယ်။ ပရဟိတအဖွဲ့များ၊ သတင်းများ၊ ရေလွှမ်းဒေသများနဲ့ အွန်လိုင်းအလှူဆိုတဲ့ ကဏ္ဍလေးခု ပါဝင်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်မှာ ထူးခြားတာက ပရဟိတအဖွဲ့စာရင်းကို ဝက်ဘ်ဆိုက်က တင်ပေးတာအပြင် ကိုယ်တိုင်လည်း ဝင်ရောက်ဖြည့်စွက်ခဲ့လို့ရသလို သတင်းကဏ္ဍမှာလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားခဲ့လို့ရတာ ဖြစ်ပါတယ်။ အလှူအဖွဲ့များကဏ္ဍမှာ ပရဟိတအဖွဲ့များရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ၊ သွားရောက်လှူဒါန်းမယ့် ဒေသ အကြောင်းဖော်ပြချက်နဲ့ လိုအပ်ချက်တွေကို စုစည်းပေး ထားပါပြီး အဖွဲ့ ၁၃၈ ဖွဲ့အထိကို စုစည်းပေးထားပါတယ်။ သတင်းကဏ္ဍမှာတော့ မိုးလေဝသသတင်း၊ မြစ်ရေအခြေ အနေသတင်း၊ ကယ်ဆယ်ရေးလုပ်ငန်းသတင်း၊ အလှူနဲ့ ထောက်ပံ့ပစ္စည်းရောက်ရှိတဲ့သတင်း၊ အကူအညီလိုအပ် နေတဲ့ ဒေသတွေအကြောင်း စတဲ့သတင်းမျိုးစုံကို မီဒီယာ တွေနဲ့ ဖေ့စ်ဘုတ်ပေါ်ကနေ စုစည်းဖော်ပြပေးထားပါ တယ်။ ရေလွှမ်းဒေသများနေရာမှာတော့ ရေလွှမ်းခံရတဲ့ ဒေသတွေရဲ့ မြေပုံကိုGoogle map ကနေတစ်ဆင့် စုစည်းဖော်ပြပေးထားလို့ အသေးစိတ်ကြည့်နိုင်မှာဖြစ်ပါ တယ်။ အွန်လိုင်းအလှူကဏ္ဍမှာတော့ ရေဘေးသင့်ပြည်သူ တွေကို ပြည်ပကနေ လှူဒါန်းချင်သူတွေအနေနဲ့ အလွယ် တကူလှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ပြည်တွင်း ပြည်ပအဖွဲ့တွေစာရင်းကို ဖော်ပြထားပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ ဝက်ဘ်ဆိုက်အပြင် မိုဘိုင်းဖုန်းသုံးသူတွေအတွက်လည်း ကြည့်ရှုရအဆင်ပြေအောင် Application တစ်ခုကိုပါ ထုတ်ပေးထားတာဖြစ်ပါတယ်။ Application ကို ဖုန်းမှာ ထည့်ထားနိုင်ပြီး ဝက်ဘ်ဆိုက်မှာတင်တဲ့ အချက် အလက်အသစ်တွေကို အင်တာနက်မှတစ်ဆင့် ကြည့်နိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာမကျွမ်းကျင်သူ လူကြီးတွေနဲ့ ကျေးလက်ဒေသကလူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Application ကို ဝက်ဘ် ဆိုက်ကနေ တိုက်ရိုက်ဖြစ်စေ၊ Play Store မှာFlood Info လို့ ရှာပြီးတော့ဖြစ်စေ အခမဲ့ Download ရယူ နိုင်ပါတယ်။ ။

No comments: