နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တွင် Eleven Media Group မှ ဂျာနယ်လစ်နှစ်ဦးအား အာမခံပယ်ချခဲ့မှုကို အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များဖက်ဒရေးရှင်း (IFJ) နှင့် မြန်မာဂျာနယ်လစ်များအဖွဲ့ (MJA) တို့ကပြင်းထန်စွာ ဝေဖန်ခဲ့ကြောင်း သိရသည်။ IFJ က ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ပြင်ကာ အဆိုပါဂျာနယ်လစ်နှစ်ဦးကို လွှတ်ပေးရန် တာမွေမြို့နယ်တရားရုံးအား တောင်းဆိုလိုက်သည်။
နိုဝင်ဘာ ၃၀ ရက်က Eleven Media Group ၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အား တာမွေမြို့နယ်တရားရုံး၌ ရာဇ၀တ်မှုမြောက်သော အသရေဖျက်မှုဖြင့် ရုံးတင်စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ခဲ့သည်။ ဒေါက်တာသန်းထွဋ်အောင်နှင့် ကိုဝေဖြိုးတို့အား မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် နိုဝင်ဘာလအစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားစွဲဆိုထားခြင်းဖြစ်သည်။ ယင်းအမှုသည် နိုဝင်ဘာ ၈ ရက်တွင် Eleven Media Group က ထုတ်ဝေဖြန့်ချိခဲ့သော ဒေါက်တာသန်းထွဋ်အောင် ရေးသားသည့် အယ်ဒီတာ့အာဘော် တစ်ပုဒ်နှင့် ပတ်သက်နေသည်။ ယင်းအယ်ဒီတာ့အာဘော်တွင် ၀န်ကြီးချုပ်တစ်ဦးသည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်တစ်ဦးက ပေးထားသော အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်သည့် နာရီကိုပတ်ထားသည်ဟု ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ဖော်ပြပြီး နောက်တစ်ရက်တွင် ၀န်ကြီးချုပ်က ဒေါက်တာသန်းထွဋ်အောင်နှင့် ကိုဝေဖြိုးတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဂျာနယ်လစ်နှစ်ဦးသည် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ ရဲအချုပ်ခန်း၌ ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။ ၎င်းတို့သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံလျှောက်ထားခဲ့သော်လည်း နိုဝင်ဘာ ၃၀ ရက် စစ်ဆေးကြားနာမှု၌ ပယ်ချခံခဲ့ရသည်။ နောက်တစ်ကြိမ်ရုံးချိန်းမှာ ဒီဇင်ဘာ ၉ ရက်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက အမြင့်ဆုံးအဖြစ် ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်သည်။
IFJ က “ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို အသရေဖျက်မှုနှင့် တရားစွဲဆိုတာကို ကျွန်တော်တို့ အပြင်းအထန်ဝေဖန်ပြီး အမှုကိုချက်ချင်း ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။ ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို ကျန်းမာရေးကိစ္စအတွက် ချက်ချင်းအာမခံပေးဖို့လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကျွန်တော်တို့တောင်းဆိုပါတယ်။ အမှုစစ်ဆေးခြင်းမရှိသေးဘဲ ဂျာနယ်လစ်တွေကို ထောင်ချထားတာဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။ မီဒီယာအသိုင်းအ၀န်းကို ဖိနှိပ်ပြီး ထောင်ချတာမျိုးမလုပ်ဘဲ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြှင့်တင်ဖို့နဲ့ အထောက်အပံ့ပြုဖို့ ဥပဒေတွေနဲ့ အာမခံနိုင်အောင် မြန်မာအစိုးရအနေနဲ့ ချက်ချင်းအရေးတယူ ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။
No comments:
Post a Comment