Friday, December 2, 2016

"လူတစ်ယောက် လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်းအားဖြင့်" အစီအစဉ်ဖြင့် ငွေကြေးအရ နိုင်ငံတော်က မတတ်နိုင်သည့် နေရာများကို ကူညီသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ လွှတ်တော်၌ တင်ပြ


‘‘လူတစ်ယောက် လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်းအားဖြင့်’’အစီအစဉ်ဖြင့် ငွေကြေးအရ နိုင်ငံတော်က မတတ်နိုင်သည့် နေရာများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို ရေးဆွဲပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။

ဒေါက်တာအောင်သူက နေပြည်တော်တွင် ဒီဇင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ‘‘မောက်မယ်မြို့နယ်၊ စဥ့်ဝင်ကျေးရွာအုပ်စု၊ စေတီဖြူရွာ၊ နမ့်ယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ဆောက်လုပ်နိုင်ရေးအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း’’နှင့်ပတ်သက်၍ မေးခွန်းအား ဖြေကြားမှုအပြီးတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဒေါက်တာအောင်သူက နန်းယွန်းချောင်းကူး ကွန်ကရစ်တံတား ဆောင်ရွက်ခြင်းလုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပါဝင်ခြင်း မရှိသည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း နှင့် နှစ်အလိုက် ဦးစားပေးအတိုင်း လျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

‘‘ဒါ့အပြင် ကျွန်တော်တို့ရဲ့ အကောင်အထည်မဖော်ရသေးတဲ့ အစီအစဉ်လေးတစ်ခုလည်း တင်ပြချင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ လူအချို့နဲ့ တိုင်ပင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် မကြာမီလပိုင်းအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် ဒီလွှတ်တော်ကနေ တင်ပြခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အဲဒါကတော့ မျှဝေခြင်း အစီအစဉ်ပါ။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ဟာ လုံလောက်မှုမရှိပါဘူး။ ဒါပေမယ့် လူတစ်ယောက်ဟာ တစ်နေ့ လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်းအားဖြင့် မိမိလျှော့သောက်လိုက်တဲ့ လက်ဖက်ရည်တစ်ခွက်ဖိုးလေးကို ထည့်ဝေခြင်းအားဖြင့် မျှဝေပေးမယ်ဆိုရင် ပိုက်ဆံရှိတဲ့သူကလုပ်မယ်ဆိုရင် ဒါကျွန်တော်ဝန်ကြီးဌာနက စတင်ပြီး အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ သိန်း ၂၀၀ တန်ကို ကျွန်တော်ဝန်ကြီးဌာနမှာရှိတဲ့ ၀န်ထမ်း စုစုပေါင်းအရေအတွက်က လူတစ်ယောက် လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်းအားဖြင့်ဆိုတဲ့ အစီအစဉ် ကျွန်တော်ရေးဆွဲနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့လည်း တိုင်ပင်ထားပါတယ်။ ပြင်ပအဖွဲ့အစည်းတို့နဲ့ တိုင်ပင်ပြီးတော့ နိုင်ငံတော်က မတတ်နိုင်တဲ့ ဘဏ္ဍာတွေကို စီစဉ်မယ့် ဆောင်ရွက်မှု အစီအစဉ်များလည်း ရှိတယ်ဆိုတဲ့အကြောင်း တင်ပြချင်တာပါ။ ဆိုလိုတဲ့ အဓိပ္ပာယ်က ပိုက်ဆံငွေကြေး ကြွယ်တဲ့သူရှိပါတယ်။ ဖြစ်မှပြုပြင်မယ့်အစား မဖြစ်မီကတည်းက အခုလိုအခြေအနေမျိုးတွေကို ပြုပြင်ဖို့ရာအတွက် မိမိရဲ့ ပိုလျှံတဲ့ငွေကြေးကို မိမိအတွက် မထောင်းတာတဲ့ပိုက်ဆံနဲ့ မျှဝေခြင်း အစီအစဉ်နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ပထမဦးဆုံး စတင်ဆောင်ရွက်မှာကတော့ ကျွန်တော့်ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ဖို့အစီအစဉ်ကတော့ ကျွန်တော်ရေးဆွဲပြီးပါပြီ။ နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီအစီအစဉ်ကို ဆောင်ရွက်နိုင်တယ်ဆိုရင် အခုလို ငွေကြေးအရ နိုင်ငံတော်က မတတ်နိုင်တဲ့ နေရာတွေကို ကူညီဆောင်ရွက်ပေးသွားမယ် ဖြစ်တဲ့အကြောင်းကို ဆက်လက်ပြီး တင်ပြလိုပါတယ်”  ဟု ဒေါက်တာအောင်သူက ရှင်းလင်း တင်ပြခဲ့သည်။

No comments: