Saturday, December 3, 2016

အပ်ကုန်ကားများ စလစ်ကပ်မှတ်ပုံတင်ခွင့် နောက်ဆုံးအကြိမ် ခြောက်လသက်တမ်း တိုးပေးမည်

ရန်ကုန်၊ဒီဇင်ဘာ၂

မော်တော်ကား အရောင်းစင်တာများမှ Consignment (အပ်ကုန်စနစ်) ဖြင့် ရောင်းချရန် တင်သွင်းထားသော မော်တော်ကားများ စလစ်ကပ် မှတ်ပုံတင်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် ခြောက်လသက်တမ်း တိုးပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ မော်တော်ကားများကို ယခုနှစ်ဒီဇင်ဘာလမကုန်မီ အပြီးသတ်မှတ်ပုံမတင်နိုင်ပါက မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိတွင်ခြောက်လအထိ သက်တမ်းတိုးခွင့် ပြုလိုက်ခြင်းဖြစ်သည်။

“ခြောက်လအထိ စလစ်ကပ် မှတ်ပုံတင်ခွင့် သက်တမ်းတိုးခွင့်ပြုမှာပါ ဒီနှစ်ကုန်မှာ မှတ်ပုံမတင်နိုင်ရင် မူရင်းနိုင်ငံကို ပြန်ပို့ဖို့ ကြေညာထားပေမယ့် မော်တော်ကားအသင်း (မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း)က သက်တမ်းတိုးပေးဖို့ တင်ပြထားတာကြောင့် ဒီလိုဆုံးဖြတ်တာပါ”ဟု ၎င်းက ဆိုသည်။

သို့သော် ယခုသက်တမ်းတိုးပေးခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ Consignment (အပ်ကုန်စနစ် ဆိုသည်မှာ မော်တော်ကား အရောင်းစင်တာများက ပြည်ပမှ မော်တော်ကားများ ကြိုတင်တင်သွင်းထားပြီး ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစလစ်ဖြင့် ယာဉ်မှတ်ပုံတင်၍ ပြန်လည်ရောင်းချခြင်း ဖြစ်သည်။

အဆိုပါစနစ်ဖြင့်ကားတင်သွင်းခြင်းကို ပြည်တွင်းကားအရောင်းစင်တာနှင့် ပြခန်းများခွင့်ပြုချိန်မှ စတင်ခဲ့ပြီး မော်တော်ကား အရောင်းစင်တာတစ်ခုချင်းစီတွင် စလစ်ကပ် မှတ်ပုံမတင်နိုင်သေးသော ကားအစီးရေ ဒါစင်ချီ ကျန်နေဆဲဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းမှသိရသည်။

No comments: