ရန်ကုန်၊ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြရာတွင် မလေးရှားနိုင်ငံ၏ အကြီးအကဲတစ်ဦး ပါဝင်မည်ဟု ပြောဆိုထားရာ မလေးရှားအစိုးရ အနေနှင့် မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ၀င်ရောက်စွက်ဖက်ရာ ရောက်မည်ကို သတိပြုရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် ဆန္ဒပြပွဲတွင် အသက် ၆၃ နှစ်အရွယ် နိုင်ငံ၏ အကြီးအကဲတစ်ဦး ပါဝင်မည်ဟု မလေးရှားနိုင်ငံ ၀န်ကြီးချုပ်၏ ရုံးက အတည်ပြု ပြောဆိုထား ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။
မလေးရှား ၀န်ကြီးချုပ်မှာလည်း အသက် ၆၃ နှစ်ရှိပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (၎င်းင်းတို့ အသုံးအနှုန်း ရိုဟင်ဂျာ) များကို အကြမ်းဖက်နေမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ မလေရှားနိုင်ငံ၏ အကြီးအကဲတစ်ဦးလည်း ပါဝင်မည်ဟု မလေးရှား ဒုတိယ၀န်ကြီးချုပ်က Malay Mail Online သတင်းဌာနသို့ ပြောဆိုထားသည်။
အာဆီယံနိုင်ငံများ သဘောတူထားသည့် မူအရ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရဟု သတ်မှတ်ထားသဖြင့် မလေးရှားအစိုးရ အနေနှင့် အာဆီယံနိုင်ငံများ အဆိုပါမူကို လိုက်နာစောင့်ထိန်းရမည်ဟု မျှော်လင့် ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားပြီး လတ်တလော မောင်တောအရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားသည်။
ယင်းအဖွဲ့အစည်းများ၏ စုံစမ်းတွေ့ရှိချက် ထွက်ပြီးမှာ ဆန္ဒပြမှုတွင် ပါဝင်သင့် မသင့်ကို ဆုံးဖြတ်သင့်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
“ကျွန်တော်တို့ ပြည်တွင်းပြဿနာ ပိုမိုကြီးထွားသွားတဲ့ အနေအထား ရောက်သွားမယ်ဆိုရင် ပြည်ပနိုင်ငံတွေ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရဆိုတဲ့ မူကို ဆန့်ကျင်ရာကျမယ်လို့ ပြောလိုတယ်” ဟု ၎င်းက ဆိုသည်။
ဆန္ဒပြမှုအပေါ် မူတည်ပြီး သံတမန် နည်းလမ်းအရ လုပ်သင့်လုပ်ထိုက်သည်ကို များကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“မလေးရှားမှာ ရောက်နေတဲ့ မောင်တောက လူတွေနဲ့ အမျိုးတွေပေါ့ဗျာ။ သူတို့က ဦးဆောင်ပြတာတော့ ထားတော့။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင်၊ ဆန္ဒပြမယ် ဆိုတာကတော့ သူရဲ့ ပြည်တွင်းမှာ ကျဆင်းနေတဲ့ နိုင်ငံရေးကို အဖတ်ဆည်ဖို့ လုပ်တာ ဖြစ်ကောင်းဖြစ်မယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့ နိုင်ငံ ရဲ့ဂုဏ်သိက္ခာကို လေးစားဖို့ လိုတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
No comments:
Post a Comment