Friday, December 2, 2016

အငြိမ်းစား ဗိုလ်ချုပ်ကြီး မက်တစ်ကို ကာကွယ်ရေးဝန်ကြီး တာဝန်ပေးမည်ဟု ထရမ့် ကြေညာ


အမေရိကန် သမ္မတသစ် ဖြစ်လာတော့မည့် ဒေါ်နယ်လ်ထရမ့်က ကာကွယ်ရေး ဝန်ကြီးနေရာအတွက် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ်မက်တစ်ကို ခန့်အပ်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

အိုဟိုင်ယိုတွင် ၎င်းကို ထောက်ခံသူများနှင့် တွေ့ဆုံချိန်၌ ထရမ့်က အဆိုပါ အစီအစဉ်ကို တရားဝင် ကြေညာခဲ့သည်။ မက်တစ်သည် အရည်အချင်း ပြည့်ဝသော်လည်း သဘောထား တင်းမာသည့် စစ်မှုထမ်း တစ်ဦးအဖြစ် လူသိများသည်။ ၎င်းသည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ အရှေ့အလယ်ပိုင်းရေးရာ မူဝါဒများနှင့် ပတ်သက်၍ အားပျော့လွန်းကြောင်း တုတ်ထိုးအိုးပေါက် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ဖူးသူလည်း ဖြစ်သည်။ ၎င်းသည် “ခွေးရူး”ဆိုသည့် နာမည်ပြောင်ဖြင့်လည်း လူသိများသည်။

“သူက ကျွန်တော်တို့ ရနိုင်သမျှ အကောင်းဆုံးသူပဲ”ဟု ထရမ့်က ချီးကျူးခဲ့သည်။ မက်တစ်သည် အီရန်နိုင်ငံနှင့် ပတ်သက်၍ အထူးတလည် သဘောထား တင်းမာသူ ဖြစ်သည်။ အိုဘားမား လက်ထက်က အီရန်နှင့် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းကို မက်တစ်က လုံးဝ မလိုလားချေ။ “အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ် ဖျက်ဆီးနှောင့်ယှက်နေတဲ့ တစ်ခုတည်းသော အဓိက အကြောင်းရင်းပဲ”ဟု ပွင့်လင်းစွာ စွပ်စွဲခဲ့ဖူးသည်။

“ခွေးရူး မက်တစ်ကို ကျွန်တော်တို့ရဲ့ ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ပါမယ်။ သူဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ဗိုလ်ချုပ်ကြီး ဂျော့ဂ်ျပက်တန်နဲ့ အနီးစပ်ဆုံး တူညီသူ တစ်ယောက်လို့လည်း လူသိများပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဘီလီယံနာ သူဌေးကြီး ထရမ့်သည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုမီ အတောအတွင်း အမေရိကန်၏ ပြည်နယ်အချို့သို့ လှည့်လည်ကာ ၎င်းကို ထောက်ခံသူများနှင့် တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားသည့် အစီအစဉ်ကို အကောင်အထည် ဖော်လျက်ရှိသည်။

ထရမ့်သည် ၎င်း၏ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလများ အတောအတွင်းကတည်းက ဗိုလ်ချုပ်ကြီး မက်တစ်ကို နှစ်သက် သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ အသက် ၆၆ နှစ်အရွယ် မက်တစ်နှင့် ပတ်သက်ပြီး “သူက တကယ့်ကို စစ်မှန်တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပဲ”ဟု ထရမ့်က ချီးကျူးခဲ့ဖူးသည်။

ယခုအခါ အငြိမ်းစား ယူထားပြီဖြစ်သည့် မရိန်းတပ်ဖွဲ့ စစ်ဦးစီးဟောင်းသည် ၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲ၏ ထိုးစစ်တာဝန်များကို ကွပ်ကဲခဲ့သလို ၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန် စစ်ပွဲတွင်လည်း ကြီးကြပ်ခဲ့သည်။ ၎င်းသည် ၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်စစ်ပြုပြီး ဖော်လူဂျာစစ်ပွဲ ဆင်နွှဲရာ၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။ မက်တစ်သည် အမေရိကန် ဗဟိုစစ်ဦးစီး ဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့သည်။ ၎င်းကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခြင်းအပေါ် အမေရိကန် တပ်ဖွဲ့ဝင် အများစုက သဘောကျ ထောက်ခံဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Ref: BBC

No comments: