ရန်ကုန်၊ ဒီဇင်ဘာ ၁
အမေရိကန် ဒေါ်လာဈေးမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တက်နေပြီး ယခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်အထိ ရောက်ရှိနိုင်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ပြောကြားသည်။
ကမ္ဘာပေါ်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်း၊ မြန်မာနိုင်ငံ၌ ကုန်သွယ်မှုလိုငွေများခြင်းနှင့် ဘတ်ဂျက်လိုငွေ များပြားနေခြင်းတို့ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းဟူသော အကြောင်းအမျိုးမျိုးကြောင့် ယင်းသို့ စံချိန်တင် ဈေးနှုန်းများအဖြစ် မြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ဗဟိုဘဏ်၏ ငွေကြေးဈေးကွက်တွင် ပါဝင်ပတ်သက်မှု အားနည်းခြင်းကြောင့်လည်း ယခုကဲ့သို့ စံချိန်တင် ဈေးနှုန်းများအဖြစ်သို့ ရောက် ရှိနေခြင်းဖြစ်ကာ ဗဟိုဘဏ်အနေနှင့် ၀င်ရောက် ထိန်းကျောင်းခြင်းမရှိဘဲ ယခုအတိုင်း ဆက်လွှတ်ထားပါက တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်အထိ ရောက်ရှိလာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
"အဓိက ကျွန်တော်တို့ဆီမှာ ဒေါ်လာဈေး ကမောက်ကမဖြစ်တာက ဒေါ်လာပြန်ဝင်လာဖို့ လိုပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေ လဲလှယ်နှုန်း တက်တဲ့အတွက် ငွေလဲလှယ်နှုန်း ဆွဲတင်တဲ့အတွက် အပြင်က လဲလှယ်နှုန်းတွေ တက်တယ်ဆိုပြီး ထင်ခဲ့ကြတယ်။ ပြီးတော့ ဗဟိုဘဏ်က ဒေါ်လာတွေ အများကြီး ရောင်းပေးရမယ်ဆိုပြီး ထင်မြင်ချက်တွေလည်း ရှိပါတယ်။ ဒေါ်လာတွေ မရောင်းပေးတဲ့အတွက် ဒီလိုဖြစ်တယ်ဆိုပြီး ပြောကြတာလည်းရှိတယ်" ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
ဗဟိုဘဏ်က ရည်ညွှန်းငွေ လဲနှုန်းသတ်မှတ်ခြင်းမှာ သတ်မှတ်လိုသည့် ပုံစံအတိုင်း သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂလိကဘဏ်များက နေ့စဉ်လေလံခေါ်ရာတွင် ၀ယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ထို့ပြင် လက်ရှိအစိုးရ ကိုးလတာ ကာလအတွင်း ကုန်သွယ်မှု လိုငွေပမာဏသည် ကျပ် ၂၁၆၆ သန်းအထိရှိပြီး ပို့ကုန်သွင်းကုန် ပမာဏသည်လည်း ယခင်နှစ်ကထက် လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းဇယားများအရ သိရသည်။
ထိုသို့ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ မြင့်တက်ခြင်းသည် စီးပွားရေးအတွက် ကောင်းမွန်သည့် အရာတစ်ခုမဟုတ်ဘဲ သွင်းကုန်ကိုသာ အဓိက အားထားနေရသည့် မြန်မာနိုင်ငံအတွက် ယင်းကုန် ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းဒဏ်ကို များစွာ ရင်ဆိုင်လာရနိုင်ကြောင်း စီးပွား ရေးပညာရှင်များက ထောက်ပြဝေဖန်ကြသည်။
ဒေါ်လာဈေးတက်၍ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံတိုင်း ဒေါ်လာဈေး ကျဆင်းလေ့ရှိပြီး ယခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ဒေါ်လာဈေးနှုန်းများ မြင့်တက်ချိန်တွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ခေါ်ယူတွေ့ဆုံအပြီး အောက်တိုဘာလ ၅ ရက်နေ့သို့ ရောက်ရှိချိန်တွင် တစ်ဒေါ်လာလျှင် ၁၂၉၀ မှ ၁၂၈၀ ကျပ်သို့ ကျဆင်းခဲ့သည်။
ပြင်ပဒေါ်လာဈေးသည် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၆၀ အထိမြင့်တက်လာပြီး ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၀၈ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
No comments:
Post a Comment