Friday, December 2, 2016

ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်တို့ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များနှင့် မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့များ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်း အဖွဲ့များတွင် KIA မှလွဲ၍ ကျန်သည့် အဖွဲ့များ ပါဝင်မည်ဖြစ်ပြီး ယင်းတွေ့ဆုံမှုကို တရုတ်အစိုးရက စီစဉ်ပေးခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice ပြောကြားသည်။

ဒေါက်တာတင်မျိုးဝင်း အပါအဝင် တပ်မတော်မှ အရာရှိများ ပါဝင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၃၀ရက်နေ့တွင် တရုတ် မြန်မာနယ်စပ်ဒေသ၌ ပဋိပက္ခ ဖြစ်ပွားနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် စစ်ရေးထိန်းချုပ်မှု မြှင့်တင်ရေးကို ထိထိရောက် ဆောင်ရွက်ရန်နှင့် ယခုလို ပဋိပက္ခများ မပေါ်ပေါက်စေရေး တားဆီးပေးရန် မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းပြောကြားချက်တွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများဟု ဆိုရာတွင် လက်ရှိ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုကို ရည်ညွှန်းခြင်းဖြစ်ပြီး ယင်းအဖွဲ့များအနေနှင့် တရုတ်အစိုးရ၏ သဘောထားကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

“သူတို့ ထုတ်ပြန်တာက နိုဝင်ဘာလ ၂၀ရက်နေ့က တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ မြောက်ပိုင်းအဖွဲ့တွေကို ရည်ညွှန်းခဲ့တာဖြစ်တယ်။ ဒီအဖွဲ့တွေ တိုက်ခိုက်မှုက တရုတ်နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို ထိခိုက်လို့ တရုတ်နိုင်ငံက စိတ်ပျက်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

တရုတ် ကာကွယ်ရေး၏ ပြောဆိုချက်တွင် နယ်စပ်လုံခြုံရေးပိုမိုခိုင်မာရေးနှင့် နယ်စပ်လုံခြုံရေး ထိန်းချုပ်ရန်အတွက် တရုတ်စစ်တပ်က အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ပေးမှာဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေး တပ် (KIA)၊ တအောင်း ပလောင် လွတ်မြောက်ရေး တပ် (TNLA)၊ ကိုးကန့် ဒီမိုကရက်တစ် မဟာမိတ် တပ် (MNDAA) နှင့် ရခိုင့်တပ် (AA) တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ရက်နေ့က ရှမ်းမြောက် တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

THE VOICE

No comments: