Saturday, December 24, 2016

ခေါင်းဆောင်မှု သင်တန်းချည်းသာ များနေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ပြည်တွင်း၊ ပြည်ပတွင် လူငယ်များနှင့် လုပ်ငန်းခွင် ဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပို့ချရာ၌ ခေါင်းဆောင်မှု သင်တန်းချည်းသာ များနေသည် ကိုတွေ့ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကင်းထောက် လှုပ်ရှားမှု နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့ကြောင့် ခေါင်းဆောင်၊ နောက်လိုက် မခွဲခြားဘဲ ပူးတွဲ ပေါင်းစည်း လုပ်ကိုင်နိုင်မည့် အရည်အချင်းများကို တိုးမြှင့်ပေးရမည်ဖြစ်ပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း စုစည်းမှုကို အားပေးသည့် စနစ်ဖြစ်ရန် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မ ခဏ၊ ခဏ မေးတယ်။ နောက်လိုက်တွေကော ဘယ်လိုလဲလို့။ အားလုံးက ခေါင်းဆောင်ချည်းဆို ဘယ်သူကနောက် ကလိုက်မှာလဲ”ဟု ဒေါ်အောင်ဆန်း စုကြည်က မေးခွန်း ထုတ်သည်။

သို့သော် အဖွဲ့အစည်း တစ်ခုတွင် ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင် တစ်ယောက် မရှိမဖြစ် လိုအပ်ပြီး တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စများကို ခေါင်းခံ တာဝန်ယူ လုပ်ဆောင်သူသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ကင်းထောက်အဖွဲ့သည် စုပေါင်းလှုပ်ရှားမှု ဖြစ်သောကြောင့် အတ္တစိတ်ကို ကျော်လွှားပြီး အချင်းချင်းကြား ရဲဘော် ရဲဘက်စိတ်ကို ခိုင်မာအောင် ထူထောင်ခြင်းဖြစ်ကြောင်း မြတ်လေးကင်းထောက် အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူ ၎င်းက ကင်းထောက် လူငယ်များကို မှာကြားသည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ခေါင်းဆောင်ကောင်းတွေဖြစ်မှ စီမံခန့်ခွဲမှု ကောင်းတွေ ဖြစ်မှာပါ။ စီမံခန့်ခွဲမှုတွေ ကောင်းမှ၊ နောက်လိုက် ကောင်းတွေများမှ ကျွန်တော်တို့ လုပ်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာတွေ အောင်မြင်မှာ ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ကင်းထောက် လှုပ်ရှားမှုသည် ၁၉၁၆ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်၍ ယခုနှစ်တွင် နှစ်တစ်ရာ ပြည့်ပြီဖြစ်သည်။ သို့သော် ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေး အခြေအနေကြောင့် ကင်းထောက် လှုပ်ရှားမှုများ ရပ်ဆိုင်းခဲ့ပြီး ၂ဝ၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြန်လည် ဖွဲ့စည်း လှုပ်ရှားခဲ့သည်။

ကင်းထောက်အဖွဲ့သည် အခြေခံပညာ ကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ သာမက ပြင်ပ လူမှုအဖွဲ့အစည်းများတွင်လည်း တိုးချဲ့ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ကင်းထောက် ကော်မတီထံမှ သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံ ကင်းထောက် ကော်မတီတွင် အမျိုးသား ကင်းထောက်၊  အမျိုးသမီး ကင်းထောက် စုစုပေါင်း ခြောက်သောင်းခန့် ရှိပြီဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

No comments: