Saturday, December 24, 2016

သွင်းကုန် ကုန်စည် အမျိုး ၁၅ဝ ထပ်မံ လိုင်စင် ကင်းလွတ်ခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ပြည်ပမှ တင်သွင်းမည့်  သွင်းကုန် ကုန်စည်ပေါင်း ၁၅ဝ ကျော်ကို သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုအပ်ဘဲ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ဝ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ကြောင်း ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ယနေ့ဖော်ပြထားသည်။

ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ-၁၃၊ ပုဒ်မခွဲ (ခ) အရ ယင်းကဲ့သို့ ဖြေလျှော့လိုက်ခြင်းဖြစ်ပြီး ယခု ကင်းလွတ်ခွင့်ပြုသော ကုန်စည်များသည် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ လိုင်စင်လျှောက်ရန် မလိုအပ်တော့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကုန်စည်ပေါင်း ၁၅ဝ တွင် ကော်ဖီ၊ လက်ဖက်၊ ရော်ဘာနှင့် ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ကုန်စည် စာရင်း အသေးစိတ်ကို အဆိုပါ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.commerce.gov.mm)တွင် ကြည့်ရှုနိုင်သည်။

ကူးသန်းရောင်းဝယ်မှု အဆင်ပြေရန်နှင့် ကုန်သွယ်မှု ပမာဏများ တိုးတက်စေရန် လိုင်စင် လျှောက်ထားရမည့် ကုန်စည်များကို ဖြေလျှော့ပေးနေပြီး အမျိးအစား မတူသည့် ပို့ကုန်၊ သွင်းကုန် လိုင်စင်ပေါင်း ၉ဝဝဝ ကျော်အနက် ကုန်စည်ပေါင်း ၃ဝဝဝ ခန့် ကျန်သည်အထိ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

“နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဖြေလျှော့မှုတွေ လုပ်တယ်။ ထပ်ပြီးတော့လည်း ဖြေလျှော့နိုင်အောင် ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO)နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီး ယင်း အသိုက်အဝန်းများတွင် ကျင့်သုံးသော လုပ်ငန်းအရ သွင်းကုန် ကုန်စည်ပေါင်း ၄၄ဝ၅ ကို လိုင်စင် ကင်းလွတ်ခွင့် ပြုထားသည်။

ထို့အပြင် ယခု ဖြေလျှော့မှု မတိုင်ခင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်း သွင်းကုန်စည်ပေါင်း ၂၆၇ ခုကို ကင်းလွတ်ခွင့်ပြုထား၍ စုစုပေါင်း ကုန်စည် ၄၁၇ ခုအထိ လိုင်စင်လျှောက်ရန် မလိုအပ်တော့ပေ။

ဆက်လက်၍ သွင်းကုန်လိုင်စင် လျှောက်ရမည့် ကုန်စည်များကို စိစစ် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီး ဌာနက ထုတ်ပြန်သည်။

No comments: