Friday, December 16, 2016

ကျွန်တော်ကတော့ ကွီးဖြိုးကိုထောက်ခံတယ် ==============================


ရန်ကုန်မှာ ဆိုက်ကားတွေ ရှင်းတယ်၊
သိမ်းသင့်လား၊မသိမ်းသင့်လားဆိုတာ ဦးနှောက်လေးနည်းနည်းထည့် စဉ်းစားယုံနဲ့တင် သိတယ်။ ဆိုက်ကားမရှိတော့ ကားရှောင်၊လူရှောင်၊ဆိုက်ကားရှောင် ရတဲ့အထဲ ဆိုက်ကား တစ်ခုသက်သာသွားတယ်။ ခေတ်နဲ့လည်း မညီတော့သလို ချမ်းသာနိုင်တဲ့အလုပ်လဲ မဟုတ်ဘူးလေ။ ဆိုက်ကားနင်းလို့ သူဌေးဖြစ်တာ ကျွန်မမတွေ့ဖူးဘူးလို့ အဘွားကတောင် ပြောသေးတာပဲ။ (သေသွားတဲ့ ကျွန်တော့်အဘွားကိုပြောတာ)
အချဉ်ပေါင်းသည်၊ လမ်းဘေးဈေးသည်တွေလဲ ရှင်းတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှန်းမသိ၊ မညီညွတ်မှန်းမသိ။ လက်တွန်းလှည်းတွေ၊ဈေးသည်တွေက လမ်းပေါ်မှာ ရှုပ်တယ်။ နောင်ဆို လက်တွန်းလှည်း ထီသည်တွေပါ ရှင်းသင့်တယ်။ ညဈေးတန်းမှာရောင်းပေါ့။ ညဈေးတန်းမှာနေရာမရဘူးဆိုရင်လဲ မရောင်းနဲ့ပေါ့။ လောလောဆယ်ကမ်းနားလမ်းက ညဈေးတန်းကြီး စည်ကားနေတာ တွေ့တယ် မဟုတ်လား။ တစ်မြို့လုံးက ဈေးသည်တွေအကုန်ဖမ်းပြီး ၁၀ ပုံ ၁ ပုံလောက်ရှိတဲ့ ဈေးသည်တွေပဲ နေရာရတာတွေ၊ မိသားစုတွေရဲ့မျက်ရည်တွေ ဂရုကိုစိုက်မနေနဲ့။
ရန်ကုန်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေက ပေါပါတယ်။ ခိုးမလား၊ လုမလား၊ နှိုက်မလား၊ ဓားပြတိုက် မလား။ ကောင်းရောင်းကောင်းဝယ် ရောင်းစားလဲ ဖမ်းခံရတာပဲ၊ ခိုးဆိုးလုနှိုက်လဲ အဖမ်းခံ ရတာပဲ။ အဲ..လှည်းသိမ်း၊ဆိုင်သိမ်းခံရရင် အရင်းပါ ပါသွားမယ် ဆိုတော့ ဦးနှောက်သုံးပြီး အရင်းမစိုက်ရတဲ့ အလုပ်လေးတွေ လုပ်ကြပေါ့။
ပြီးရင် လိုင်းကားတွေပါ ဆက်ရှင်းသင့်တယ်။ ကားလမ်းတွေက ကျဉ်းရတဲ့အထဲ လိုင်းကား တွေက ရှုပ်တယ်လေ။ လူတွေလမ်းလျှောက်သွားခိုင်းရင် ကျန်းမာရေးနဲ့ ပိုညီညွတ်တာပေါ့။ မဖြစ်နိုင်တဲ့အဆုံးဆို မြို့ပတ်ရထားစီးကြပစေပေါ့။ ဟိုတစ်ခါ ကွီးဖြိုးလိုက်စီးတဲ့ ဘတ်စ်စကား မျိုးတွေပဲရှိရင် ရပြီ။
လိုင်းကားတွေပြီးရင် တက္ကစီတွေလဲ ရှင်းသင့်တယ်။ ဘယ်နေရာကြည့်ကြည့် တက္ကစီတွေနဲ့ကို မလွတ်ဘူး။ လူမပါဘဲမောင်းတဲ့ တက္ကစီဆိုရင် ဖမ်းမိန့်ထုတ်သင့်တယ်။ ဒါဆို တော်တော်လျော့သွားမှာ။ လမ်းလဲရှင်း၊ လူလဲရှင်း၊ ကားလဲရှင်း ဖြစ်လာမယ်။
ပြီးရင်ကိုယ်ပိုင်ကားတွေပါ ဆက်ရှင်း။ ပါကင်မဟုတ်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေကြောင့် သွားရလာရတာ တော်တော်ခက်တာ။ ကိုယ့်အိမ်ထဲ၊ ကားပါကင်ထဲမှာ မဟုတ်ဘဲ တွေ့ရာရပ်ထားတဲ့ ကားတွေ အကုန်ဖမ်း။ တော်တော်ရှင်းသွားမှာ။
ပြီးရင် ညမထွက်ရအမိန့်လဲ ထုတ်သင့်တယ်။ ညမထွက်ရအမိန့်ထုတ်တော့ မိန်းကလေး တွေ မပျက်စီးတော့ဘူး။ လူတွေလဲ မကောင်းတဲ့နေရာ မသွားတော့ဘူး။ ကောင်းတဲ့ နေရာလဲမသွားကြတော့ အိမ်မှာလူတွေစုစုနဲ့ နေကြရတာပေါ့။
ပြီးရင် လူတွေလဲ ရှင်းသင့်တယ်။ ကောင်းမှန်းမသိ၊ဆိုးမှန်းမသိ ရန်ကုန်မှာ လူတွေများနေတော့ သိပ်မကောင်းဘူး။ ကွီးဖြိုးတို့ပဲနေခဲ့။ ကျန်တဲ့သူတွေအကုန်မောင်းထုတ်လိုက်ရင် အေးရော။
ဘာပဲဖြစ်ဖြစ်...
ဒီမိုကရေစီအစိုးရမို့လို့ ဒါမျိုးလုပ်လို့ရတာ။
အရင်အစိုးရအဆက်ဆက်နဲ့နောင်လာမယ့် အစိုးရအဆက်ဆက် ဒီလိုမြေစမ်းခရမ်းပျိုး အမိန့်မျိုး ထုတ်လိုက်၊ ပြန်ရုတ်သိမ်း လုပ်ခွင့်မရနိုင်ဘူး။
ချ...ချ..
သိမ်း...သိမ်း...
ကိုယ်တွေကတော့ ခပ်တည်တည် ဘက်ပြောင်းတယ်။ ကြီးၿဖိဳးပဲ..
ဦးတိမ်

No comments: