Friday, December 16, 2016

၂၀၁၇ ခုနှစ်အတွက် CIF တန်ဖိုးများရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ရောက်ရှိမိုဒယ် Brand New ကားများ၏ဈေးနှုန်းအပေါ်မူတည် ပြီးနှစ်အလိုက် ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်း လျော့ချသတ်မှတ်မည် ========================================


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

၂၀၁၇ ခုနှစ်အတွက် CIF တန်ဖိုးများရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ရောက်ရှိမိုဒယ် Brand New ကားများ၏ဈေးနှုန်းအပေါ်မူတည် ပြီးနှစ်အလိုက် ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်း လျော့ချသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
CIF တန်ဖိုးများကို ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားပြီး ၂၀၁၆ မိုဒယ်ကားများ ကို ၂၀၁၇ မိုဒယ်ကားများ၏ တန်ဖိုးအပေါ်မူတည်ပြီး ငါးရာခိုင်နှုန်း လျော့ချသတ်မှတ်မည်ဖြစ်သည်။ ၂၀၁၅ မိုဒယ်ကားများကိုမူ ၂၀၁၆ မိုဒယ် ကားများ၏ တန်ဖိုးအပေါ် ဆယ်ရာခိုင်နှုန်း လျော့ချသတ်မှတ်မည်ဖြစ်သည်။ထိုသို့ မိုဒယ်အပေါ်မူတည်ပြီး ရာခိုင်နှုန်းများလျော့ချရာတွင် ၂၀၁၆ မိုဒယ်မှ ၂၀၁၁ မိုဒယ် အတွင်းကို မိုဒယ်တစ်ခုနှင့်တစ်ခု အကြား တန်ဖိုးအပေါ်မူတည်ပြီး ဆယ်ရာခိုင်နှုန်းဆီ လျော့ကျသတ်မှတ်မည်ဖြစ်သည်။

‘‘CIF တန်ဖိုးတွေထုတ်ပြန်ဖို့အတွက် AADA ၊ MAMDA စတဲ့ကား အသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပါတယ်။ CIF တန်ဖိုး ရေးဆွဲတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်ကအတိုင်း နှစ်အလိုက်ရာခိုင်နှုန်းတွေ လျော့သွားမှာ ဖြစ်ပါတယ်။၂၀၁၆ မိုဒယ်က ၂၀၁၇ မိုဒယ်တန်ဖိုးရဲ့ ငါးရာခိုင်နှုန်းလျော့သွားပြီး ၂၀၁၅ မိုဒယ်က ၂၀၁၆ မိုဒယ်တန်ဖိုးရဲ့ ဆယ်ရာခိုင်နှုန်းလျော့သွားမှာဖြစ်ပါတယ်။၂၀၁၅ မိုဒယ်အောက်ကားတွေကလည်း ဆယ်ရာခိုင်နှုန်းဆီ လျော့သွားမှာဖြစ်ပါတယ်’’ဟု အ ကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အကောက်ခွန်ဦးစီးဌာနမှ CIF တန်ဖိုးရေးဆွဲရာတွင် ကားအသင်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ကားသစ်များတင်သွင်းရောင်းချနေသော AADA အသင်းမှ ၂၀၁၇ မိုဒယ်နှင့် ၂၀၁၆ မိုဒယ်ကားများသည် Brand New ကားများဖြစ်သောကြောင့် နိုင်ငံတော်အတွက် အခွန်မနစ်နာစေရန် ထိုမိုဒယ်နှစ်ခုကို တန်ဖိုးတူ ထားရှိပေးရန်တင် ပြထားသည်။ထို့အပြင် MAMMDA အသင်းမှလည်း Brand New ကားများကို CIF တန်ဖိုးသတ်မှတ်ရာတွင် ယခုနှစ်ကဲ့သို့ Invoice နှင့် ဇယားတန်ဖိုး မခွဲခြားပဲတန်ဖိုးတစ်ခုထဲသာ သတ်မှတ်ပေးရန်တင်ပြထားကြောင်း သိရသည်။

ကိုရဲ၊ ဆန်းသစ်အောင်

No comments: