ရန်ပြုခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အစီရင်ခံစာရေးပို့သွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
''လွှတ်တော်ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌတွေကို အကြောင်းကြားထားတယ်။ အဖွဲ့ချုပ်မှာ တာဝန်ရှိတဲ့သူတွေရော၊ နေပြည် တော်က တာဝန်ရှိတဲ့သူတွေကိုရော အကြောင်းကြားထားပါတယ်။ အစီရင်ခံစာရေးသွားမှာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံဆီကိုလည်း တင်ပါမယ်။ ဒါကို လွှတ်တော်ဥက္ကဋ္ဌတို့ဝန်ကြီးချုပ်တို့နဲ့ လည်း တိုင်ပင်ပါဦးမယ်''ဟု ဦးညီညီက News Watch သို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်က လွှတ်တော်ကိုယ်စား လှယ်ဦးညီညီနှင့်အတူ တ/ဒဂုံမြို့နယ် NLD အလုပ်အမှုဆောင်ဦးမြင့်ဝင်း၊ တ/ဒဂုံ ၁၇ ရပ်ကွက် NLD ဥက္ကဋ္ဌ ဦးကြည်မြင့်တို့သုံးဦးသည် လေးထောင့်ကန်မှအပြန် TAXI အနက်တစီးမှ လူအင်အားအပြည့်ဖြင့် အသက်အန္တရာယ်ပြုရန် လုပ်ကြံမှုနှင့်ကြုံတွေ့ခဲ့ရကြောင်း ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီက တ/ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးညီညီက ပြောကြားသည်။ ဦးညီညီက အနက်ရောင် TAXI တစီးမှ ဆဲဆိုကာ ရန်ပြုခံရသည့်အခြေအနေဖြစ်နေ သည့်အတွက် တ/ဒဂုံရဲစခန်းသို့ ဖုန်း(၃)ကြိမ် ဆက်ကာ အကူညီတောင်းခဲ့ကြောင်း၊ သို့ရာတွင် ရဲစခန်းသို့ရောက်ရှိသည့်တိုင် စခန်းရှေ့တံခါးမှာ ပိတ်ထားခဲ့ကြောင်း၊ ယင်းအခြေအနေအထိ အနက်ရောင် TAXI သည် ၎င်းတို့ကားနောက်မှ လိုက် လာခဲ့ကြောင်း၊ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦး စခန်းအတွင်းမှ ထွက်လာမှသာ အဆိုပါ အနက်ရောင် TAXI သည် ဆက်လက် မောင်းနှင်သွားကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တ/ဒဂုံ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှ ပ/၂၁၉၅ ပုဒ်မ ၂၉၄၊ ၅၀၆၊ ၁၁၄ ပုဒ်မတို့ဖြင့် အမှုကိုလက်ခံခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် တ/ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီအား ရန်ပြုသူဟု ယူဆရသူ ၅ ဦးနှင့် ကားတစင်းကို တောင်ဒဂုံမြို့နယ်၊ မြို့မရဲ စခန်းမှ ခေါ်ယူစစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ခံထားရသူများကလည်း ဒီဇင်ဘာ ၁၃ ရက် တွင် သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက်ရှိ သုခကာရီဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့သည် အဆိုပါညက ကျိုက်ထီးရိုးဘုရားဖူးမှ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ရန်ပြုသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ကားသမားအချင်းချင်း သာမန်ဖြစ်ရိုးဖြစ်စဉ် ဆဲဆိုမှုတခုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လင်းလင်းအောင်
No comments:
Post a Comment