သုံးနှစ်တာကာလအတွင်း လောင်းကစားမှုများတွင်ပါဝင်သော ရဲအရာရှိ လေးရာကျော်ကို အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
“လောင်းကစားမှု့မှာတစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုရှိတဲ့ ရဲတပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူမှုများဆောင်ရွက်လျက်ရှိပါတယ်၊ ဖမ်းဆီးမှုအားနည်းနေတဲ့ တိုင်းဒေသကြီး ပြည်နယ်ရဲတပ်ဖွဲ့များကိုလည်း အဆင့်ဆင့်ကြပ်မတ် သတိပေးမှုများရှိသလို အရေးယူမှုများလည်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းကပြောသည် ။
ဒီဇင်ဘာလ ၁၄ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၏ "နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံရေး တရားဥပဒေစိုးမိုးရေး ပညာရေး စီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသော တရားမ၀င်လောင်းကစားမှုများကို ထိရောက်စွာဟန့်တားပြီး အရေးယူဆောင်ရွက်ပေးပါရန်"အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ဆွေးနွေးခဲ့ပြီးနောက်
ပြည်ထောင်စုအဆင့်မှ ပြန်လည်ရှင်းလင်းစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လောင်းကစားမှုတွင် ပါဝင်သော ရဲအရာရှိနှင့် အခြားအဆင့်များကို အရေးယူခဲ့ရာတွင် ၂၀၁၃တွင် ရဲအရာရှိ ၁၂၄ဦး အခြားအဆင့် ၃၅ဦး ၊ ၂၀၁၄တွင် အရာရှိ ၁၁၇ဦး အခြားအဆင့်၃၉ဦး ၊ ၂၀၁၅တွင် အရာရှိ ၉၃ဦး အခြားအဆင့် ၃၃ဦး ၊ ၂၀၁၆နိုဝင်ဘာလအထိ အရာရှိ၁၁၄ဦး အခြားအဆင့်၄၉ဦးကို အရေးယူခဲ့ကြောင်း ၊ သုံးနှစ်တာကာလအတွင်း ရဲအရာရှိ ၄၄၈ ဦးနှင့်အခြားအဆင့် ၁၅၆ ဦးကိုအရေးယူခဲ့ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် သက်ဆိုင်ရာနယ်မြေများအတွင်း အထက်ဌာန အဖွဲ့အစည်းများက ဖွဲ့စည်းထားသည့် ဖမ်းဆီးရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ၀င်ရောက်ဖမ်းဆီးပါက တာဝန်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲစခန်းမှူး ၊ နယ်ထိန်းအရာရှိ နှင့် နယ်မြေတာဝန်ခံများကိုလည်း ထိန်ချန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည် ။
စိုင်းလမင်း
PN
No comments:
Post a Comment