မွန်ပြည်နယ် ၀န်ကြီးချုပ် အပြောင်းအလဲ လုပ်မည်ဆိုသည့်သတင်း မှားနေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ သတင်းထောက်များအား ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲ လုပ်မည်ဆိုသည့်သတင်း ထွက်နေမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က“အဲဒီသတင်း မှားတယ်” ဟု ပြန်လည်ဖြေကြားသည်။
လက်ရှိတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နေရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါ်စံဝင့်ခိုင်အား အစားထိုးခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က “သတင်းတွေက ထွက်နေပေမယ့် သေတော့မသေချာသေးဘူး။ သေချာတာက ဗဟိုကနေ ဘာစာ ဘာညွှန်ကြားချက်မှ မ၀င်လာသေးဘူး။ ၀န်ကြီးချုပ်အနေနဲ့ သူလုပ်ကိုင်ဆောင်ရွက်နေရတာ အရမ်းပင်ပန်းနေပြီပေါ့နော်။ အဲဒီလိုဖြစ်နေတော့ သူနားချင်တဲ့စိတ်တော့ ရှိတယ်ပေါ့။ အဲဒီလိုတော့ ပြောခဲ့ဖူးတာရှိပါတယ်။ သူ့အနေနဲ့က ၀န်ကြီးချုပ်ရာထူးအပြင် အခြားဝန်ကြီးဌာနတွေကိုပါ တာဝန်ယူထားရတော့ ပင်ပန်းတာတော့အမှန်ပဲ။ အဲဒီအတွက် သူ့အနေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းမခံနိုင်တော့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်”ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး လက်ရှိတွင် ၀န်ကြီးချုပ်ရာထူးအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ကို ပူးတွဲကိုင်တွယ်ထားသည်။
ထို့ပြင် ၀န်ကြီးချုပ်များနှင့် ပတ်သက်၍ ဦးဝင်းထိန်က“ပြည်ထောင်စုအဆင့် ၀န်ကြီးတွေရယ်။ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေကို မှာထားပြီးသား။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှာထားပြီးသား။ ပြည်သူလူထု အကျိုးကို ရှေးရှုပြီးလုပ်ရမယ်။ အဂတိတရား ကင်းကင်းနဲ့အလုပ်လုပ်ရမယ်။ ဒီကြားထဲမှာ စေတနာနဲ့ မှားတဲ့ကိစ္စတွေကိုတော့ ကိစ္စမရှိပါဘူး။ စေတနာနဲ့မမှားဘဲနဲ့ အဂတိတရားနဲ့ ဖြစ်လာပြီဆိုရင်တော့ ဖြစ်လာရင် ပြတ်ပြတ်သားသားအရေးယူမယ်။ ဒါပြောထားပြီးသား။အဲဒီပြောထားတဲ့မူအပေါ် မူတည်ပြီးမှ အန်ကယ်တို့အနေနဲ့က သက်ဆိုင်ရာဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေက ဘယ်လိုသွားနေသလဲ။ဘယ်လိုဖြစ်နေသလဲပေါ့။ အမြဲတမ်းနားစွင့်ပြီးတော့ ဟိုဟာပေါ့။ လေ့လာနေတယ်။ လေ့လာတာက သူတို့ကို အပြစ်ရှာချင်လို့ မဟုတ်ဘူး။ သူတို့ပိုပြီးတော့ အောင်မြင်စေချင်လို့။ သူတို့အောင်မြင်မှ ကျွန်တော်တို့ပြောတဲ့ ပြည်သူလူထုရဲ့အကျိုးကို ပိုပြီးတော့ သယ်ပိုးနိုင်မှာ။ အဲဒီရည်ရွယ်ချက်နဲ့ ကျွန်တော်တို့စောင့်ကြည့်နေတာ။ တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။ စေတနာအမှား မှန်သော်လည်းပဲ တစ်ခါတလေကျရင် ခွင့်လွှတ်လို့မရတဲ့အမှားတွေ ဆိုရင် အထိုက်အလျောက်တော့ အရေးယူမှု လုပ်ရမှာပဲ။ သို့သော် အခုထိတော့ ဘာမှလုပ်တာ မရှိသေးဘူး” ဟု ပြောကြားသည်။
သို့ရာတွင် ဟင်္သာမီဒီယာ၏ Hinthar Media Corporation Facebook စာမျက်နှာတွင် နိုဝင်ဘာ ၈ ရက်က သတင်းဖော်ပြချက်အရ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် လက်ရှိ ၎င်းင်းတာဝန်ထမ်းဆောင်နေသည့် ၀န်ကြီးချုပ်ရာထူးမှ အနားယူလိုကြောင်း ဦးဝင်းထိန်အား နှုတ်ဖြင့်တင်ပြခဲ့ သည်ဟု NLD ပါတီ၏ အလုပ်အမှုဆောင်နှင့် ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့သည့် အစည်းအဝေး၌ အသိပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က အတည်ပြု ပြောကြားကြောင်း ရေးသားထားသည်။
ထို့ပြင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက“ဦးမင်းမင်းဦးက အစည်းအဝေးမှာ နုတ်ထွက်မယ်လို့ပြောတာတော့ ဟုတ်တယ်” ဟု ပြောကြားခဲ့ကြောင်း ဟင်္သာမီဒီယာက ဖော်ပြထားသည်။
သထုံ မဲဆန္ဒနယ် (၂) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကလည်း“အဲဒါကိုတော့ ကျွန်တော်တို့ပြောလို့ရတယ်။ ကျွန်တော်တို့ ပါတီအစည်းအဝေးမှာလည်း မှတ်တမ်းရှိတယ်။ တရားဝင်ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ ၅ ရက်က အစည်းအဝေးမှာ ပြောထားတာ” ဟု ဟင်္သာမီဒီယာအား ဖြေကြားခဲ့ကြောင်း သတင်းဖော်ပြချက်တွင် ပါရှိသည်။
သို့သော်လည်း အစည်းအဝေး တက်ရောက်လာသည့် သူများကမူ ဦးမင်းမင်းဦးအား နုတ်ထွက်မည့်အရေးကို ပြန်လည်စဉ်းစားရန်နှင့် တရားဝင်စာတင်၍ နုတ်ထွက်ခြင်း မပြုလုပ်စေလိုကြောင်း ဆွေးနွေးခဲ့သည်ဟု မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဟင်္သာမီဒီယာအား ဖြေကြားထားချက်အရ သိရသည်။
“အစည်းအဝေးနေ့က ၀န်ကြီးချုပ်က ပြောတယ်။ ကျွန်တော် ဦးဝင်းထိန်ကိုတော့ ပြောထားတယ်။ ကျွန်တော် အနားယူတော့ မယ်လို့ အစည်းအဝေးမှာပြောတယ်။ အန်တီတို့ အစည်းအဝေးတက်တဲ့အဖွဲ့က မထွက်ဖို့တားတယ်။ နောက်ပြီး အန်တီတို့ ၀ိုင်းကူညီကြမယ်လို့ ပြောခဲ့တယ်။ ဒီကိစ္စက စာနဲ့ပေနဲ့ တရားဝင်ထွက်စာတင်တယ်လို့ မကြားသေးဘူး” ဟု မွန်ပြည်နယ် ပအိုဝ်းတိုင်ရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားကြောင်း ဟင်္သာမီဒီယာက ရေးသားထားသည်။
အထက်ပါ ပြောကြားခဲ့သူများထံသို့ The Daily Eleven သတင်းစာက သီးခြား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။
Writer:
ကျော်ဇင်ဝင်း၊ နေရိုင်း၊ ဘိုဘိုမြင့်
No comments:
Post a Comment