Thursday, November 10, 2016

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် အစိုးရထံ အဆိုပြုထားသည့်အချက် (၉) ချက်ကို NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သည့် UNFC ထုတ်ပြန်

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အစိုးရသို့ အဆိုပြုထားသော အချက် (၉) ချက်ပါ အဆိုပြုမှုကို  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပြုချက်ကို အများပြည်သူလေ့လာ သိရှိနိုင်စေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အတူတကွ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်းများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ထောင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ဆုံး ဖြတ်အတည်ပြုရာတွင် ပါဝင်ရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ရန်တို့အတွက် အဆိုပါအချက်ကိုးချက်ကို သဘော တူညီကြသည်ဟု နိဒါန်းတွင် ဖော်ပြထားသည်။

 UNFC ၏ အဆိုပြုချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘောတူညီချက် ရရှိပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီဝင်အဖွဲ့ဝင် အဖွဲ့အစည်းများက ၄၈ နာရီအတွင်း အသီးသီးထုတ်ပြန်သွားရန်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်စေပြီး တိုင်းရင်းသားကိုယ် စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၎င်းင်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန်တို့ ပါဝင်သည်။

ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအ၀င် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအ၀င် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TORျ) နှင့် တပ်နေရာ ပြန်လည်နေရာ ချထားရေးတို့ကို ကြိုတင်သဘော တူညီမှုရယူရန်နှင့် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်  အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များပါဝင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ကို နှစ်ဖက်သဘောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့နှင့် အတူ ဖွဲ့စည်းသွားရန်တို့ကိုလည်း အဆိုပြုထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ဤသဘော တူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော ဥပဒေပညာရှင်များနှင့်  တရားသူကြီးများပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှုခံယူရန်လည်း အဆိုပြုချက်အနေဖြင့် ပါဝင်ပြီး အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူ လူထုအပေါ် အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို ဖော်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ ( Extractive Industries Transparency Initiative -EITI) ၏ လုပ်ထုံး လုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်တို့လည်း ပါဝင်သည်။

ကိုးချက်မြောက်အနေဖြင့် တောင်းဆိုချက် ရှစ်ချက်ကို နှစ်ဖက်ညှိနှိုင်းဆွေးနွေး သဘောတူညီမှုရရှိပြီးသည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီချက် (NCA) ကို လက်မှတ်ရေး ထိုးရန်ဟူ၍ အဆိုပြုထားသည်။

UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့၏ တတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၉ ရက် (ယနေ့) နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း DPN သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးတွင် UNFC ၏ အချက်ကိုးချက်ပါ အဆိုပြုမှုအပေါ်အခြေခံ၍ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က UNFC အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးမတိုင်မီ၂၀၁၆ ဇူလိုင်လတွင် အစိုးရထံသို့ အဆိုပြုထားမှုများရှိသည်ဟု ပြောကြားထားမှုရှိသော်လည်း အဆိုပါအချက်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှု မရှိခဲ့ဘဲ ယခုမှသာ တရားဝင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

UNFC ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးမှာ NCA လက်မှတ် ရေးထိုးထားခြင်းမရှိပေ။ အဖွဲ့ဝင်အဖွဲ့အစည်းများမှာ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO/KIA ၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU) တို့ဖြစ်ပြီး ၎င်းအဖွဲ့ အားလုံးသည် ယခင်အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား NAC ရရှိရေး ညှိနှိုင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

Writer: 

ဇာလီမြင့်ဦး

No comments: