Monday, November 14, 2016

တရုတ်-မြန်မာနယ်စပ် ကျယ်ခေါင်၊ ရွှေလီမြို့များတွင် ဖြတ်သန်း သွားလာခွင့်၊ အလုပ်လုပ်ခွင့်စာအုပ်များ ကိုင်ဆောင်ထားသော်လည်း တရုတ်ရဲများ၏ ဖမ်းဆီးခြင်းများ ကြုံနေရ

တရုတ်-မြန်မာနယ်စပ် ကျယ်ခေါင်၊ ရွှေလီမြို့များတွင် သွားရောက် လုပ်ကိုင်နေသောမြန်မာလုပ်သားများမှာ ဖြတ်သန်းသွားလာခွင့်၊ အလုပ်လုပ်ခွင့် စသည့်စာအုပ်များ ကိုင်ဆောင်ထားသော်လည်း တရုတ်ရဲများ၏ ဖမ်းဆီးခြင်း ကြုံနေရကြောင်း သိရသည်။

ယခင်က စာအုပ်အနီ (တရုတ်နိုင်ငံအတွင်း တစ်ပတ်တာ သွားလာခွင့်ရှိသော စာအုပ်) နှင့် စာအုပ်အစိမ်း(တရုတ်နိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်ရှိသောစာအုပ်) ရှိလျှင် တရုတ်ရဲများက ဖမ်းဆီးခြင်း မရှိသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှ စတင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကျယ်ခေါင် နှင့် ရွှေလီမြို့တွင် သွားရောက် လုပ်ကိုင်နေသူများထံမှ သိရသည်။

“ဒီမှာက အခုရက်ပိုင်း တော်တော်ကျပ်တယ်။ ဧည့်စာရင်းတိုင်ရတဲ့ သဘောမျိုး ကတ်ထုတ်ပေးတယ်။ တရုတ်ရဲတွေက မြန်မာတွေကို ဖမ်းရင် အုပ်စုလိုက်ဖမ်းတယ်။ အရင်က စာအုပ်အနီ ဒါမှမဟုတ် အစိမ်းရှိရင်ရပေမယ့် အခု ကတ်အဖြူ (ဧည့်စာရင်းတိုင်သည့် ကတ်)ပါ လိုတယ်။ ဖမ်းတဲ့ရဲတွေကို မေးကြည့်တော့ နယ်စပ်မြို့တွေမှာ မြန်မာလုပ်သား ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ ဧည့်စာရင်းစစ်ခိုင်းတဲ့ စီမံချက်ရှိလို့ လုပ်ရတာလို့ပြောတယ်။ ကတ်အဖြူလုပ်တာက ပိုက်ဆံမပေးရဘူး။  ဒါပေမဲ့ သွားလုပ်တဲ့သူတိုင်းကိုလည်း အဲဒီကတ် မလုပ်ပေးဘူး။ အစ်မတို့သိရသလောက်တော့ ရာဂဏန်းလောက် လုပ်ပေးပြီးတဲ့နောက် ကတ်အဖြူကို ဆက်ထုတ်မပေးတော့ဘူး”  ဟု ကျယ်ခေါင်-မန္တလေး ကုန်အရောင်းအ၀ယ် လုပ်ကိုင်နေသူ မညိုမာက ဆိုသည်။

“ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်က ကျွန်တော်တို့စက်ရုံက ကလေးငါးယောက် ပါသွားတယ်။ တစ်ပတ်လောက်နေမှ လွှတ်ပေးတယ်။ ဒါပေမဲ့ စက်ရုံကို ပြန်လာလို့မရဘူး။ တစ်ခါတည်း နယ်စပ်ဂိတ်ပေါက်မှာချပေးပြီး မြန်မာပြည်ပြန်လို့ တရုတ်ရဲက ပြောတယ်။ နောက်တစ်ကြိမ်မိရင် ထောင်သုံးလကျမယ်လို့ ပြောလိုက်သေးတော့ အဖမ်းခံရတဲ့သူတွေလည်း ပြန်မလာရဲတော့ဘူး။ တရုတ်နယ်စပ်မှာ မုဒိမ်းကျင့်ခံရရင်တို့၊ လူသတ်မှုဖြစ်ရင်တို့၊ မူးယစ်ဆေးဝါးကိစ္စ အသံထွက်ရင်တို့လို  ကိစ္စတွေမှာ တရားခံမဖော်နိုင်ရင် တရုတ်ရဲတွေ စဖမ်းတာ မြန်မာတွေပဲ။ အဲဒါကထုံးစံလို ဖြစ်နေပြီ။ အခုရက်ပိုင်းတော့ ဘာကြောင့်လဲ မသိဘူး။ အဖမ်းအဆီး နည်းသွားတယ်။အောက်တိုဘာလတုန်းက ဖမ်းတာတော်တော်များတယ်။ ဘာအထောက်အထားရှိရှိ တစ်ခါတည်း ကောက်ဖမ်းတဲ့သဘောပဲ။ အခုရက်ပိုင်း ဖမ်းတာကျတော့ လူကြည့်ဖမ်းတယ်။ မလည်မ၀ယ်ပုံစံ ပေါက်နေတာတို့၊ ၀တ်တာ စားတာ ဗရုတ်သုတ်ခ ကျတာတို့ဆို ကားပေါ် တစ်ခါတည်း တင်ခေါ်သွားတာပဲ” ဟု ရှမ်းကလေးကျွန်းကျေးရွာမှ တရုတ်နိုင်ငံ ပန်းပုစက်ရုံတစ်ရုံ၌ သွားရောက် လုပ်ကိုင်နေသည့် ဦးကျော်ကျော်ခိုင်က ပြောကြားသည်။

တရုတ်နယ်စပ် ရွှေလီနှင့်ကျယ်ခေါင်မြို့များတွင် တရားဝင် ၀င်ထွက်သွားလာနေသည့် မြန်မာနိုင်ငံသားတို့၏ နိုင်ငံကူးလက်မှတ်များကို ဆုတ်ဖြဲဖျက်ဆီးကာ အတင်းအဓမ္မ ဖမ်းဆီးနေမှုများကို ရပ်တန့်ပေးရန်နှင့် ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ပြန်လွှတ်ပေးရန်၊ ထိုကဲ့သို့ဖမ်းဆီးမှုသည် မြန်မာ-တရုတ် နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ် ၁၉၉၇ ပါ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်များကို ရိုသေလေးစားမှု မရှိသည့် သဘောဆောင်ကြောင်း မူဆယ်ခရိုင်ထွေအုပ်ရုံးမှ တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာနထံ နိုဝင်ဘာ ၄ ရက်က အကြောင်းကြား စာပို့ထားသည်ဟု မူဆယ် ထွေအုပ်ရုံး ၀န်ထမ်းတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။       

 

Writer: 

မင်းမင်းစိုး

No comments: