ခရီးသည်တင် ဒိုင်နာယာဉ်တစ်စီးပေါ်တွင် အမျိုးသားတစ်ဦးထံမှ ပိုက်ဆံများခါးပိုက်နှိုက်ခဲ့သူ ငါးဦးအား မရမ်းကုန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁၁ ရက် ညနေ ၆ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် သမိုင်းဘူတာရုံလမ်း ဘုရင့်နောင်တံတားအနီးရှိ တိုးဂိတ်ဟောင်း မှတ်တိုင်အနီးတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ခါးပိုက်နှိုက်မှု သတင်းရရှိထားသဖြင့် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် အမှတ်(၉၆) ဒိုင်နာ ခရီးသည်တင် ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူများ ဖြစ်သည့် လှိုင်သာယာမြို့နယ်နေ မောင်ခင် (၃၁)နှစ်၊ ညီညီထွေး(၁၉)နှစ် ၊ခင်ဇော်ဦး(၃၇)နှစ်၊ သန်းမင်းအောင် (၂၉)နှစ်နှင့် အရှည်ကြီး(ခ)နိုင်ဝင်း (၃၅) နှစ်တို့အား တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် မောင်ခင်ဝတ်ဆင်ထားသည့် အင်္ကျီအိတ်အတွင်းမှ ငွေကျပ် ၁၂၀၀၀ ခန့်ကိုတွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းတို့ဆင်းလာသည့်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး၏ ဘောင်းဘီအနောက် အိတ်အတွင်းမှ ခါးပိုက်နှိုက်ခဲ့သည့် ငွေများဖြစ်ကြောင်း သိရသည်။
“သူတို့ငါးယောက်မှာ လေးယောက်က ကာပေးထားတယ်။ မောင်ခင်ဆိုတဲ့သူက ခါးပိုက်နှိုက်တယ်။ အခုတော့ သူတို့အားလုံးကို ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သည့် ငါးဦးအား ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ (ပ) ၉၈၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ELEVEN
No comments:
Post a Comment