အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်ဖွဲ့စည်းသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစိုးရ တာဝန်ယူခဲ့သည်မှာ ခုနစ်လခန့်ရှိပြီ ဖြစ်သည်။ ယင်းခုနစ်လအတွင်း အစိုးရသစ်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။ ယင်းသို့ ဝေဖန်ပြောဆိုနေမှုနှင့် ပတ်သက်၍ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Voice : မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူလာတာ ခုနစ်လလောက်ရှိပြီ ဆိုတော့ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက် အပေါ်မှာ အန်ကယ်တို့လို အတိုက်အခံပါတီတစ်ခု အနေနဲ့ ဘယ်လိုမြင်သလဲ။
UWM :လက်ရှိအစိုးရအနေနဲ့ သူတို့အမြင်၊ သူတို့အတွေးနဲ့ တတ်နိုင်သလောက် လုပ်နေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း အရာခပ်သိမ်း ပြည့်စုံအောင်တော့ မလုပ်နိုင်သေးဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ စောစောပိုင်း ကြားရတဲ့ သတင်းတွေအရ ယခင်အစိုးရနဲ့ (ကြံ့ခိုင်ရေး) ပါတီကို မကောင်းကြောင်းတွေ ပြောနေတာ များတယ်။ သူတို့ဘာလုပ်မယ်ဆိုတာ တိတိကျကျပြောတာ နည်းတယ်။ ကျွန်တော်တို့ကတော့ လက်ရှိတာဝန်ရှိသူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် မဆွေးနွေးပါဘူး။ ဆွေးနွေးခွင့်လည်း မရှိဘူးလေ။ သူတို့လည်း အရှိန်ရလာပြီ ဆိုရင်တော့ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ အခုချိန်မှာ မန္တလေးတိုင်း အတွင်းက တချို့ကိစ္စတွေပေါ့။ တရားဥပဒေစိုးမိုးရေး ကိစ္စတွေလိုမျိုးမှာ အရင်ထက် ပိုပြီးတော့ ပျက်ပြားလာတာတော့ ရှိပါတယ်။ နောက်တစ်ခု တရားရေးမဏ္ဍိုင်မှာလည်း အပေါ်ပိုင်းက ကောင်းချင်လည်း ကောင်းမှာပေါ့။ သို့သော်လည်း လူပြောသူပြောတော့ များလာတယ်။ ဒါနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရင်း အချို့တွေ ခံလိုက်ရတာ ရှိတယ်။ ဘက်လိုက်တာတွေ ရှိတယ်။ အချို့ကိုယ်စားလှယ်တွေကအစ ဒီကိစ္စတွေမှာ စွက်ဖက်နေတယ်။ တရားရုံးအထိ ဝင်ရောက်စွက်ဖက်နေတယ်လို့ ပြောသံတွေလည်း ကြားရတယ်။ ကျွန်တော်တို့လည်း ထိုက်သင့်သလောက် သိထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Voice : အန်ကယ်တို့ အရင်အစိုးရနဲ့ လက်ရှိအစိုးရအကြား လုပ်ပုံကိုင်ပုံတွေက ဘာတွေများ ကွာခြားနေသလဲ။
UWM : ကွာခြားနေတယ် ဆိုတာက အခုစတာမှ ခြောက်လကျော် ခုနစ်လလောက်ပဲ ရှိသေးတယ်ဆိုတော့ အများကြီး မပြောချင်ပါဘူး။ ကျွန်တော်တို့က ပြောမယ်ဆိုရင်လည်း တာဝန်မထမ်းဆောင်ရလို့ ပြောလေခြင်း ဆိုတာမျိုး ဖြစ်မှာစိုးလို့ ဘာမှမပြောချင်ဘူး။
Voice : အန်ကယ်တို့ အနေနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို စောင့်ကြည့်သွားဖို့ရော ရှိမလား။
UWM : ကြည့်စရာလည်း မလိုပါဘူး။ သူတို့ကို စောင့်ကြည့်မယ့် အဖွဲ့တွေလည်း ဖွဲ့မထားပါဘူး။ သို့သော် လိုအပ်လာရင်တော့ ဖွဲ့မယ်။ အခုတော့ အစိုးရအပေါ်မှာ ဝေဖန်တာမျိုး တိုင်းအဆင့် အနေနဲ့ တစ်ခုမှ မလုပ်သေးပါဘူး။ လက်ရှိအစိုးရကို ဝေဖန်ချင်လို့ မဟုတ်ဘူး။ သို့သော် ပြည်သူတွေအတွက် လိုအပ်လာရင်တော့ ပါတီအနေနဲ့ ပြောဆိုမှုတွေ လုပ်မယ်။ ပြစ်တင်တာ မဟုတ်ပါဘူး။ ဝေဖန်အကြံပေးမှုပဲ လုပ်မှာပါ။ အခုတော့ ကျွန်တော်တို့ မလုပ်သေးဘူး။ ဘာလို့လဲဆိုတော့ သူလည်း စခါစပဲ ရှိသေးတယ်။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေက ရှိတာပေါ့။
Voice : လိုအပ်ရင် စောင့်ကြည့်ဖို့အဖွဲ့တွေ ဖွဲ့မယ်လို့ ပြောခဲ့တယ်။ တကယ်ဖွဲ့မှာလား။
UWM : အခြေအနေ ကြည့်ဦးမယ်။ ဖွဲ့တာတော့ ဖွဲ့ရမယ်။ လွှတ်တော်ကိုလည်း စောင့်ကြည့်ရမယ်။ အစိုးရအဖွဲ့ကိုလည်း စောင့်ကြည့်ရမယ်။ ဌာနဆိုင်ရာတွေကိုလည်း စောင့်ကြည့်ရမယ်။ ပါတီအနေနဲ့ စောင့်ကြည့်ရမယ်။ ဒါကတော့ သေချာပေါက်ရှိမယ်။ ရှိရမယ်။ မလိုမုန်းထားတဲ့စိတ်နဲ့ ပြိုင်ဘက်ပါတီ အနေနဲ့ မလုပ်ပါဘူး။ ဘယ်တုန်းကမှလည်း မလုပ်ခဲ့ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့ ဆွေးနွေးမှာပါ။ ဆောင်ရွက်တာ မဆောင်ရွက်တာကတော့ လက်ရှိတာဝန်ရှိသူတွေရဲ့ တာဝန်ပါ။ သို့သော် ပါတီချင်း ပြိုင်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေတော့ ရှိနိုင်ပါတယ်။ ပြည်သူလူထု ထိခိုက်နစ်နာစရာ အကြောင်းတရားတွေ ရှိလာရင်တော့ ပြောမှာဖြစ်ပါတယ်။ စောင့်ကြည့်မယ့် အဖွဲ့တွေကတော့ သေချာပေါက်ထားမယ်။
Voice : အန်ကယ်တို့အနေနဲ့ ဘယ်တော့လောက် စောင့်ကြည့်မှုတွေ လုပ်မလဲ။
UWM : ကျွန်တော်တို့ စပြောဖို့ ဆွေးနွေးပွဲတွေ လုပ်တယ်။ အမှန်တရားဆိုရင် ပြောရဲရမယ်။ ပြောဖို့ အတွက်လည်း အခြေခံဗဟုသုတ ရှိနေရမယ်။ အချက်အလက်တွေက မှန်ကန်နေရမယ်။ ဒါတွေရှိမှ ပြောလို့ဖြစ်မယ်ပေါ့။
Voice : အန်ကယ်တို့ အစိုးရအဖွဲ့ တာဝန်ယူခဲ့တဲ့ ကနဦး ခုနစ်လတာ ကာလနဲ့ လက်ရှိအစိုးရ ဦးဆောင်တဲ့ ခုနစ်လတာကာလ အတွင်းမှာ တရားဥပဒေစိုးမိုးရေးက ဘယ်လိုကွာခြားနေသလဲဗျ။
UWM : ပိုဆိုးလာတယ်။ ဥပမာ ကျွန်တော့်ကား ဆရာရဲ့မိန်းမက သူယောက်ျားကို မှာတယ်။ ည ၉ နာရီ၊ ၁၀ နာရီ နောက်ပိုင်း ပြန်မလာတော့နဲ့တဲ့။ လမ်းမှာ ဆိုင်ကယ်ကို ရိုက်ပြီး လုယူတာ နှစ်ယောက် သုံးယောက် ရှိနေပြီလို့ ပြောတယ်။ ကျွန်တော်တို့ လက်ထက်မှာ ရှိကောင်းရှိမယ်။ အဲဒီလောက်ထိ မဆိုးဘူးပေါ့။ တကယ်တမ်းပြောရရင် တိုးလာတယ်လို့ပဲ မြင်တယ်။ အရင်တုန်းက ညဥ့်နက်သန်းခေါင် ပြန်ကြတာပဲ။ အခုမပြန်ရဲဘူး။ ဒါလက်တွေ့ရှိနေတဲ့ အမှန်တရား။ ဖြစ်စဉ်တစ်ခုကိုပဲ ပြောသေးတာ။ ဒါမျိုးမြောက်မြားစွာ ရှိကောင်းရှိပါလိမ့်မယ်။ မုဒိမ်းမှုတွေ ရှိတယ်။ အရင်တုန်းကလည်း ရှိတယ်။ သို့သော်လည်း ဒီဘက်ပိုင်းမှာ အရေအတွက် များလာသလားလို့ပေါ့။
Voice : ဒီလိုတွေ ဖြစ်လာတဲ့ အပေါ်မှာ အန်ကယ်အနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ် ဘာများပြောချင်ပါသလဲ။
UWM : ဒီလိုဖြစ်လာတာတွေကို စောင့်ရှောက်ထိန်းသိမ်းရမယ့် အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အလုပ်ကို သေချာတိကျစွာ လုပ်ဖို့လိုတယ်။ ပြည်သူလူထု အနေနဲ့လည်း အသိပညာ တိုးတက်မြင့်မားဖို့ လိုတယ်။ ထိန်းသိမ်းရမယ့် အဖွဲ့အစည်းတွေကလည်း ထိန်းသိမ်းရမယ်။ ဖြစ်ပေါ်လာတဲ့ အမှုအခင်းတွေမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်။ ကျွန်တော် ဆိုလိုတာက မဆောင်ရွက်ဘူးလို့ ပြောတာမဟုတ် ဘူး။ သို့သော်လည်းပဲ ဒါတွေက တစ်ခုလုံးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ယိုပေါက်တွေတော့ ရှိလာနိုင်တယ်။ ပင်မအနေနဲ့က စီးပွားရေး ယိုယွင်းမှုတွေလည်း ရှိလာတယ်။ စီးပွားရေး ယိုယွင်းလာရင် ကံငါးပါးကို ကျူးလွန်မှာပဲ။ လုပ်လာနိုင်တယ်။ ကျွန်တော့်မှာ တိကျခိုင်မာတဲ့ စာရင်းဇယားတော့ မရှိဘူး။ အကြမ်းဖျင်းကတော့ ဒီလိုတွေးတောစရာလေးတွေ ရှိလာတယ်။
Voice : မူးယစ်ဆေးဝါး ပြဿနာတွေ များလာတာနဲ့ ပတ်သက်ပြီးတော့ရောဗျ။
UWM : ပြည်ခိုင်ဖြိုးပါတီ တာဝန်ယူစဉ်ကလည်း ဒါတွေရှိပါတယ်။ သို့သော် ဒီဘက်အစိုးရ လက်ထက်မှာ နည်းနည်းပိုလာတယ်။ တချို့ဖြစ်ရပ်တွေက သာမန်အသိဉာဏ်နဲ့ မဖြစ်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ သားက အမေကိုသတ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ကွမ်း ဘာအရေးကြီးလဲကွာ။ ဒါကြီးကို နှိမ်နင်းတယ် ဆိုတော့။ ကျွန်တော်တို့ မပြောသေးဘူးဆိုတာ ဒါတွေလည်း ပါတယ်။ ရွာတွေမှာ သွားကြည့်ပါ။ အရက်ပုန်းဆိုင်တွေ သောက်သောက်လဲ ရှိနေတာ။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အခွန်တွေ အများကြီး စည်းကြပ်လိုက်တယ်။ တစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းက အရက်ခွန် အများဆုံး ရတယ်။ ဒါတွေကို နှိမ်နင်းသင့်တာပေါ့။ ကွမ်းကိစ္စ မနှိမ်နင်းသင့်ဘူလား ဆိုတော့လည်း မကောင်းတာကို ကောင်းအောင် လုပ်သင့်တာပေါ့။ ဒါကို အထွေအထူး မပြောလိုပါဘူး။ ဒါထက်ပိုပြီးတော့ အာရုံစူးစိုက်ပြီး လုပ်သင့်တယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ တိတိကျကျ လုပ်သင့်တယ်။ အဲ့ဒီလို မလုပ်ဘူး ဆိုရင်တော့ ဘာကြီးပဲပြောပြော၊ ဘာကြီးပဲလုပ်နေနေ အနာဂတ် လူငယ်တွေက အဲဒီဘက်ကိုပဲ ယိုင်သွားမှာပဲ။
Voice : လက်ရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အနေအထားကရော။
UWM : အစိုးရအဖွဲ့ကိုတော့ လက်ရှိအချိန်မှာ ဘာမှမပြောလိုပါဘူး။ သူ့ဟာနဲ့သူ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ပြောဖို့လည်း စောနေပါသေးတယ်။
Voice : လိုအပ်လာရင် ပြောမယ်ဆိုတော့ အခု မလိုအပ်သေးဘူးလို့ ဆိုလိုတာလား။
UWM : ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြောမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက်တော့ မထားပါဘူး။ သို့သော် လက်တွေ့နဲ့ တကယ်မျှော်မှန်းတာတွေနဲ့ ဘယ်လောက်အထိ ဆက်စပ်နိုင်မလဲပေါ့။
Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
မြတ်မင်း
No comments:
Post a Comment