မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၂၉ လမ်းနှင့် လမ်း ၃၀ ကြား ၈၆ လမ်းမကြီးပေါ်တွင် အမည်မသိ အမျိုးသား ၈ ဦး မူးယစ် ရမ်းကား၍ အော်ဟစ်ဆဲဆိုနေကြောင်း သတင်းပေးချက် အရ ယင်းနေရာသို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ရာတွင် အဆိုပါ မူးယစ်သောက်စား နေသူများမှ “ရဲတွေကဘာကောင်းမို့လို့လဲ”ဟုဆိုကာ ဝိုင်းရိုက်မှုတခု အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ရန် စခန်းမှ ညွန်ကြားချက် အရ လှည့်ကင်းတာဝန် ထမ်းဆောင်လျှက် ရှိသော ဒု-ရဲအုပ် နေလင်းဦး၊ တပ်ကြပ်ကြီး မင်းဇော်ဦး၊ တပ်ကြပ် နေဝင်း၊ ရဲတပ်သား အောင်ကျော်မင်း၊ ရဲတပ်သား ရဲကိုကို၊ ရပ်ကွက်မှ အကွက်မှူး ဦးအောင်ခင်၊ ဦးသန်းစိုး တို့နှင့်အတူ သွားရောက် ဟန့်တားခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲဝင် များ တိုက်ခိုက်ခံရစဉ် အမှတ် ၆ နယ်မြေရဲစခန်းမှ အကူ အဖွဲ့ရောက်လာပြီး လူရမ်းကား ၈ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ရဲကြေးနန်းစားများ အရ သိရသည်။
ဝိုင်းအရိုက်ခံရသော ဒု-ရဲအုပ်နေလင်းဦးနှင့် ရဲတပ်သား အောင်ကျော်မင်းတို့နှစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ လက်နှင့် ဦးခေါင်းနောက်စေ့နေရာများတွင် ပွန်းပဲ့ဒဏ်ရာ များရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီး ပြင်ပလူနာ ဌာနသို့ပို့ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
တရားခံများဖြစ်သော ရှိုင်းထက်အောင်၊ အောင်ဆန်းဦး၊ ဇော်မင်းပြည့်၊ ဇော်မင်းလတ်၊ စိုင်းဇော်ထက်၊ သီဟဇော်၊ ဇော်မင်းထွေး၊ ကျော်မျိုးထွေးတို့ ၈ ဦးကို ဒုရဲအုပ် နေလင်းဦး က တရားလိုပြုလုပ်ကာ (ပ) ၂၇၄/၂၀၁၆ ရာဇာသတ်ကြီးပုဒ်မ ၂၉၄/၃၃၂/၃၃၃ တို့ဖြင့် အမှတ် (၆) နယ်မြေရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
စိုင်းထူးခန့်
New Watch
No comments:
Post a Comment