ဆရာတော်လောင်းလျာကို ၁၃၃၀ ခုနှစ်၊ ၀ါဆိုလဆန်း(၂)ရက်၊
(၂၆၊ ၆၊ ၁၉၆၈) ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင်ဖွားမြင်သည်။
ခမည်းတော် ဦးခင်မောင်ဝင်း(ထိုစဉ်က စက်မှုလယ်ယာဝန်ထမ်း)နှင့်
မယ်တော် ဒေါ်တင်တင်ဦးတို့မှ မွေးဖွားသော မွေးချင်း(၈)ယောက်အနက်
ဒုတိယသား ဖြစ်သည်။
ကျောက်ဆည်မြို့၊ အမက(၆)နှင့် အထက(၁)တို့တွင် ပညာသင်ကြားခဲ့ပြီး
ခရစ်နှစ် ၁၉၈၅၊ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ်တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ ရွှေလှံတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး သီလရှင် ဆရာကြီး ဖွားမာလာထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်သာမဏေဖြစ်ခဲ့ပြီး ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာခဲ့သည်။
၁၃၄၇ အောင်-ဇေ-ယျ-တုနှစ် ပထမဝါဆိုလဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသထံတွင်ရောက်ရှိကာ ပရိယတ္တိစာပေကိုအခြေခံမှစပြီး ဝိနည်းငယ်လေးစောင် ပါရာဇိကပါဠိတော်ပါ စိတ်ပါဠိ တော်နှင့် ပထမပြန်ဆိုင်ရာကျမ်းဂန်ကြီးငယ်တို့ကို သင်ယူခဲ့သည်။
၁၃၅၀ ပြည့်နှစ် ပထမဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇ၀နဗုဒ္ဓိ ကို ဥပဇ္ဈာယ်ပြုပြီ ဦးစံထွန်း ဒေါ်မြချစ်နှင့် ဦးသန်းဝင်း + ဒေါ်အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါ သည်။
မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူသည် ၁၃၆၁ ခု၊ (၉၃) ကြိမ်မြောက် ပရိယတ္တိသာသနဟိတ (သကျသီဟ) စာမေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ဖြေဆိုအောင်မြင် တော်မူသဖြင့် ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခံယူခဲ့သည်။ အဘိဝံသ(မျိုးဆက်သစ်) ဘွဲ့ ရရှိခဲ့သည်။
ခရစ်နှစ် ၂၀၀၀၊ ကောဇာ ၁၃၆၂ ခုနှစ်တွင် ထေရ၀ါဒတိုက်ပွဲခေါ်
''ထေရ၀ါဒတို့တိုင်းပြည်'' စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။
ခရစ်နှစ် ၂၀၀၂ ခုနှစ်၊ ကောဇာ ၁၃၆၄ ခုနှစ်တွင် ''ပရိယတ္တိရွှေချိန်ခွင်''
မည်သော စာအုပ်ကို ဆက်လက်ရေးသား ထုတ်ဝေသည်။
ခရစ်နှစ် ၂၀၀၃ခုနှစ်၊ ကောဇာ ၁၃၆၅ ခုနှစ် သက်တော်(၃၅)နှစ်တွင်
(၅)ည၊ ပုံနှိပ် ၁၇/၂၀၊၂၉၅(က)၊ ၈(၁)၊ ပုဒ်မ(၅)ခုဖြင့် ပြစ်ဒဏ် ထောင်(၂၅)နှစ်
ကျခံရသည်။
ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် (၁၃၊ ၁၊ ၂၀၁၂) ဗုဒ္ဓဟူးနေ့တွင်
လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ မြစ်ကြီးနားထောင်မှ ပြန်လည်ကြွရောက်တော်မူ
သည်။ ထောင်ထဲတွင် (၈)နှစ်ခန့် သီတင်းသုံးခဲ့ရသည်။
ယခုအခါ မစိုးရိမ်ကျောင်းတိုက်၊ ဓမ္မသဟာယကျောင်းနာယကအဖြစ်
ပြန်လည် သီတင်းသုံးကာ အမျိုးသားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ အမျိုးစောင့်
တရားများ ပြန်လည်ဟောကြားတော်မူခြင်း၊ ပရိယတ္တိစာပေများ ပို့ချခြင်းဖြင့်
သာသနာကို စောင့်ရှောက်လျက် ရှိသည်။ ။
credit ရဟန်းပျိုသမဂ္ဂ
No comments:
Post a Comment