ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲခံရသောNLDပါတီဝင် အာမခံဖြင့် တရားရင်ဆိုင်ခွင့်ရ
==================================
လူမှုကွန်ရက်စာမျက်နှာတွင် အခြေအမြစ်မရှိသော သတင်းများ ရေးသားသည်ဟုဆိုသော ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ညဏ်ဝင်းအား ပြည်မြို့ နဝင်းရပ်ကွက်ရာအိမ်မှူးဖြစ်သူ ဦးမောင်မောင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ဃဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းတရားစွဲဆိုခံထားရသူအား အာမခံဖြင့် တရားရင်ဆိုင်ခွင့်ပေးလိုက်ကြောင်း သိရသည်။
၂၀၁၆ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပြည်မြို့ရေဘေးတွင် ရေဘေးသင့်ပြည်သူများကို အများပြည်သူက လှူဒါန်းသော ပစ္စည်းများကို ရာအိမ်မှူး ဦးမောင်မောင်က ယူဆောင်သွားကြောင်း ဦးကျော်ကျော်ညဏ်ဝင်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Kyaw Kyaw Nyan Win အကောင့်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ဦးမောင်မောင်က ယင်းသတင်းမှာ ခိုင်မာသော သတင်းမဟုတ်ဘဲ ယင်း၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ တရားဆွဲဆိုခဲ့ရာ ပြည်မြို့နယ်တရားရုံးက နိုဝင်ဘာလ၂၁ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုအား ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇အရ အာမခံလျှောက်ထားခဲ့ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆မှာ ထောင်ဒဏ်သုံးနှစ်ထက် မပိုသော ပြစ်ဒဏ်ချမှတ်ခွင့်ရှိသော ဥပဒေဖြစ်သဖြင့် ဥပဒေပြဋ္ဌာန်းချက်အရ အာမခံပေးနိုင်ကြောင်း ဖော်ပြထားသဖြင့် အာမခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးကျော်ကျော်ညဏ်ဝင်းက ယင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရာအိမ်မှူး ဦးမောင်မောင်က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ပစ္စည်းများကို ဆိုင်ကယ်စတိုဘောက်တွင် ထည့်သွင်းယူဆောင်သွားသလို လှူဒါန်းငွေ ကျပ်တစ်သိန်းကိုလည်း ယူဆောင်သွားသည်ဟု ရေးသားထားပြီး တိုင်ကြားသူကလည်း ယင်းလှူဒါန်းငွေနှင့် ပစ္စည်များကို ရေဘေးသင့်ဒေသများသို့ လှူဒါန်းလိုက်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
credit myanmar reviewl
No comments:
Post a Comment