ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောခရိုင်မှာ အောက်တိုဘာလဆန်းက စပြီး ရဲတပ်ဖွဲ့စခန်းတွေ အကြမ်းဖက်တိုက်ခံရတော့ နိုင်ငံတကာအဖွဲ့အစည်းအချို့၊ပြည်တွင်းကပုဂ္ဂိုလ်တစ်ချို့က မောင် တော ဒေသမှာ အစ္စလမ် အစွန်းရောက်
အုပ်စုတွေပေါ်လာပြီးတိုက်ခိုက်မှုဖြစ်တာကို အခုမှ ဖြစ်တာ လို့ မြင်နေကြ တယ်။
တစ်ချို့ကဆို သာမန်အားဖြင့် အကြမ်းဖက်မှုကို ရှောင်ရှားလေ့ရှိသော ရိုဟင်ဂျာ ( သူတို့ ပြောတဲ့ စကားအတိုင်း) တွေမှာ အခုလို အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်ပေါ်လာတာဟာ စိုးရိမ်ရ တယ်။ ဒါ့ကြောင့် ဒီလူနည်းစုတွေရဲ့ ပြဿနာကို အမြန်ဖြေရှင်းဖို့လိုပြီဆိုပြီး ဘေးတီးပေးနေတာလည်း ရှိ တယ်။
တကယ်တော့ ဘူးသီးတောင် ၊ မောင်တော ဒေသမှာ အစွန်းရောက်ခွဲထွက်ရေး ၀ါဒီတွေရဲ့ တိုက် ခိုက်မှုက အခုမှထဖြစ်တာမဟုတ်ပါဘူး။ ၁၉ ၄၂ ခုနှစ် အင်္ဂလိပ်
တွေ ရခိုင်ဒေသကနေ ဆုတ်ခွာ သွားချိန်မှာ ၊ ၁၉ ၄၉ ခုနှစ် မူဂျာဟစ် သူပုန်ထ
ချိန်မှာ ၊ ၁၉ ၉ ၀ အစောပိုင်း RSO အဖွဲ့ ထကြွ ချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေဖြစ်
ခဲ့ပြီးသားပါ။
အဲဒီလိုတိုက်ခိုက်မှုတွေဖြစ်တိုင်း မောင်တောဒေသက ရခိုင်တွေထွက်ပြေးတယ်။ ဘင်္ဂလီတွေများ လာတယ်။ ၁၉ ၉ ၀ နောက်ပိုင်းကျတော့ အစိုးရက တန်ပြန်တိုက်ခိုက်တဲ့အခါ လူ့အခွင့်အရေး ခေါင်းစဉ်အောက်ကနေ ပုံဖော်ပြီး နိုင်ငံတကာမှာ
နာမည်ဖျက်ခံရတာပိုလာတယ်။
အခုဖြစ်စဉ်မှာလည်း ဒီပုံစံအချိုးအတိုင်းပဲ လာနေတယ်ဆိုတာကို နိုင်ငံတကာမီဒီယာတွေပေါ် က သတင်းတွေ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောလာတဲ့စကားတွေအရ သိသာနေပါပြီ။
ဒါ့ကြောင့် မောင်တောဒေသမှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေလုပ်ဆောင်နေသလို တစ်ဖက် ကလည်း နိုင်ငံတကာမျက်နှာစာမှာ ကာကွယ်နိုင်ဖို့လိုပါတယ်။ အဲဒီလိုကာကွယ်နိုင်ဖို့ဆိုရင် အစိုးရ ကပဲလုပ်နေလို့မရပါဘူး။ ကျွန်တော်တို့
ပြည်သူအားလုံးကလည်း နိုင်ငံရေး၊ ဘာသာရေး ထောင်ချောက်တွေကို ရှောင်နိုင်ဖို့လိုပါတယ်။
နိုင်ငံရေး
ကျွန်တော်တို့နိုင်ငံမှာက နိုင်ငံရေး သဘောထားကွဲပြားမှုတွေ၊ ၀ိရောဓိတွေ များလည်းများ၊ ဖြစ်ခဲ့ တဲ့ ကာလက လည်းကြာတော့ ငါနဲ့မတူ ငါ့ရန်သူ၊ ရန်သူအခက် မိမိအချက်၊ ငါ့ရန်သူရဲ့ ရန်သူက ငါ့ မိတ် ဆွေဆိုတဲ့ စိတ်ထားတွေက အတော်အမြစ်တွယ်နေပါပြီ။ အားလုံးမှာ ရှိတယ်လို့ မဆိုလိုပေမယ့် လူ အတော်များများရဲ့ စိတ်ထဲမှာတော့ ရှိနေတာသေချာပါတယ်။
ဒီတော့ အခု မောင်တောမှာဖြစ်နေတာ အင်န်အယ်လ်ဒီအစိုးရ အကြပ်အတည်းပဲလို့ မြင်လို့မရ ပါဘူး။ ငါတို့မှာ အဲဒီဒေသကို သွားခွင့် မရတာ၊ နိုင်ငံတကာပြဿနာ အစိုးရနဲ့ တပ်မတော် ပဲရှင်း ဆိုပြီးလည်း ပစ်ထားလို့မရဘူး။ အစိုးရအခက်တွေ့အောင်နိုင်ငံရေးအရ ဖိအားပေးရမယ်ဆိုပြီး လက်ခမောင်းခတ်နေလို့လည်း
မဖြစ် ဘူး။
သမိုင်းမှာ သင်ခန်းစာတွေရခဲ့ပြီးပါပြီ။ ဦးနုက ဘူသီးတောင်၊မောင်တောဒေသမှာ
ရခိုင်ပါတီတွေ ကို နိုင်ဖို့အတွက် ဘင်္ဂလီတွေကို မဟာမိတ်ဖွဲ့ပြီး မောင်တောဘင်္ဂလီအမတ်ကို ကျန်းမာရေးဝန်ကြီး တောင်ခန့်ခဲ့တယ်။ အကျိုးဆက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးက တရားဝင်ဖြစ်လာပြီး မြန်မာ့ အသံက တိုင်းရင်းသားအစီအစဉ်အောက်မှာ လွှင့်ပေးရတဲ့၊ ရန်ကုန်တက္ကသိုလ်မှာ ယဉ်ကျေးမှု အသင်းထောင်ခွင့်ရတဲ့အခြေအနေရောက်ခဲ့ရတယ်။
ပြည်ခိုင်ဖြိုးပါတီလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးရွှေမောင်တို့ကို ပါတီကိုယ်စားလှယ်လောင်း အဖြစ်ရွေးလိုက်တာ လွှတ်တော်ထဲလည်းရောက်ရော ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တာနဲ့ ကြုံရတာပဲ။
၁၉ ၉ ၀ ပြည့်နှစ်တွေအစပိုင်းမှာ RSO အဖွဲ့ကို လုပ်တဲ့စစ်ဆင်ရေး၊ မှတ်ပုံတင်စစ်ဆေးတဲ့ လုပ်ငန်း တွေကြောင့် ဘင်္ဂလီတွေ ထွက်ပြေးကြတယ်။ အဲဒီအချိန်က တပ်မတော်အစိုးရကို ဆန့်ကျင် နေတဲ့ ပြည်ပရောက်အုပ်စုတွေက ဘင်္ဂလီလော်ဘီတွေနဲ့ပေါင်းပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရိုဟင်ဂျာ ကိစ္စတင်နိုင်အောင်လုပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့ဘယ်လိုမှ လက်မခံတဲ့ နာ မည်က နိုင်ငံတကာမှာ စာရင်းပေါက်သွားခဲ့ပါတယ်။ တပ်မတော်အစိုးရကို အကျပ်အတည်းဖြစ် အောင်လုပ်ခဲ့တာမှန်ပေမယ့် တပ်မတော်အစိုးရမရှိတော့လို့ အဲဒီ ပြဿနာက ပျောက်သွားတာ မဟုတ်ဘူး။ အင်န်အယ်လ်ဒီအစိုးရဖြစ်လာတော့လည်း ဒီပြဿနာကို ဆက်ပြီးကိုင်တွယ်ဖြေရှင်း ရတာပဲ။ ရန်သူ့အခက်၊ မိမိအချက်၊ ရန်သူ့ရဲ့ ရန်သူဟာ ငါ့မိတ်ဆွေဆိုတဲ့အတွေး အခေါ် တွေဟာ အမျိုးသားအကျိုးစီးပွားအတွက် အန္တရာယ်ကြီးလှပါတယ်။
ဒ့ါကြောင့် မောင်တောအရေးအခင်းနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂလီပြဿနာကိုဖြေ
ရှင်းရာမှာတော့ နိုင် ငံရေးအရကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး အားလုံးလက်တွဲဖို့လိုပါတယ်။ အစိုးရဘက်ကလည်း ကျန်တဲ့အဖွဲ့အစည်းတွေကို သံသယနဲ့ ဆက်ဆံပြီးဘေးဖယ်ထားလို့မရပါဘူး။ မြေပြင်မှာ လက် တွေ့ခံစားနေရတဲ့ဘ၀ကို နားလည်တဲ့ အဖွဲ့အစည်းတွေ၊ ရခိုင်ပြည်နယ်အခြေအနေ၊ လူဝင်မှု ကြီး ကြပ်ရေးပြဿနာတွေကို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးတာတွေလုပ် သင့်ပါတယ်။ အဲဒီလိုပဲ တစ်ဖက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကလည်း အစိုးရဘာသာ လုပ်ပါ စေ ဆိုပြီး ဘေးထိုင်နေလို့မဖြစ်ပါဘူး။
ဘာသာရေး
လူများစုဖြစ်တဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးဆုံးကိစ္စ
ကတော့ ရခိုင် ပြည် နယ်က အစ္စလမ်အစွန်းရောက်အကြမ်းဖက်ပြဿနာကို အစ္စလမ်ဆန့်ကျင်ရေးအဖြစ် ပုံမဖော် ဖို့ ပါပဲ။
နိုင်ငံအနှံအပြား က အစ္စလမ်ဘာသာဝင်တွေဟာ ကျွန်တော်တို့နဲ့ ရခိုင် ပြည်နယ်က ပဋိပက္ခ တွေမဖြစ်ခင်ကငြိမ်းချမ်းစွာအတူယှဉ်တွဲနေခဲ့ကြတာပါပဲ။ ၂၀၁၂ခုနှစ် နောက်ပိုင်းမှသာ နှစ်ဘက် ကြား သံသယတွေများလာပြီး
ဆက်ဆံရေး တင်းမာမှုတွေအချို့ ရှိလာခဲ့တာပါ။ကျွန်တော်တို့သိ ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေဟာ မြန်မာစကား ပြောတယ်၊ မြန်မာမှုတွေနဲ့ မစိမ်းဘူး။ နိုင်ငံရေး၊ စီး ပွားရေး၊ ပညာရေး၊လူမှုရေးနယ်ပယ်တွေ မှာ အများ နည်းတူတာဝန်ထမ်းဆောင်ခဲ့၊ အကျိုး ပြုခဲ့ကြ တာပါ။ ပြောရရင် ရခိုင်ပြည်နယ်ထဲက ကမန်လူမျိုး တွေဟာလည်း အဲဒီလိုမျိုးပါပဲ။ ဒီလူတွေဟာ နိုင်ငံတော်အလံကို အလေးမပြုနိုင်ဘူး၊ နိုင်ငံတော် သီချင်းမဆိုနိုင်ဘူးလို့ပြောနေတဲ့ ဘင်္ဂလီ အစွန်းရောက်တွေနဲ့မတူပါဘူး။
ကျွန်တော့်ကိုယ်တွေ့ပြောရရင် ပြန်ကြားရေး ၀န်ကြီးတာဝန်ထမ်းဆောင်တော့ ကျွန်တော့် အနား မှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေထဲမှာ အစ္စလမ်ဘာသာဝင်သုံးယောက်ပါတယ်။ သုံးယောက်လုံးက ကျန်တဲ့ဝန်ထမ်းတွေလိုပဲ ကျွန်တော့်မိသားစုနဲ့ပါရင်းနှီးတယ်။ အခုအချိန်အထိလည်း ၀င်ထွက် ဆက်ဆံနေတုန်းပါပဲ။ တစ်ခါတစ်လေ သူတို့ ဘယ်ဘာသာဝင်လဲဆိုတာတောင်မေ့နေပါတယ်။
ကျွန်တော်တို့က ဘူးသီးတောင်မောင်တောဒေသအရေးကြောင့် ကျန်တဲ့
အစ္စလမ်ဘာသာ ၀င် တွေကိုပါ တံဆိပ်ကပ်ပြီး ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာမျိုး
လုပ်ဆောင်မိရင် ဒီလူတွေကြားမှာ သံသ ယတွေ၊ ခံစားချက်တွေပေါ်လာမယ်။
အဲဒါဟာ အစွန်းရောက်ဝါဒီတွေကို အခွင့်အရေးပေးလိုက်တာ ပါပဲ။ အစွန်းရောက်အယူအဆတွေဆိုတာ နာကျည်းမှုတွေ၊ သံသယတွေ၊ စိုးရိမ်စိတ်တွေဆိုတဲ့ ရေ ခံ၊ မြေခံတွေမှာပဲ ရှင်သန်ကြီးထွားနိုင်တယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။
ကျွန်တော်တို့အနေနဲ့ ဘာသာရေးကိုင်းရှိုင်းတာနဲ့ အစွန်းရောက်တာနဲ့ မတူတာကိုလည်း သတိ ပြုဖို့လိုပါတယ်။ လူတစ်ယောက်က သူ့ဘာသာရဲ့ အဆုံးအမအတိုင်း နေထိုင်တယ်၊ ၀တ်ဆင်တယ်၊ ကျင့်ကြံတယ်ဆိုတာက အစွန်းရောက်တာမဟုတ်ပါဘူး။ အစွန်းရောက်တဲ့သူက ဘာသာရေးကိုင်း ရှိုင်းသူမဟုတ်ပါဘူး။ အဲဒီဘာသာထဲက သူလိုချင်တာကို ဆွဲယူပြီး အမုန်းတရားတွေ၊ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ ကြိုးစားနေသူတွေဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့က အခြားဘာသာတစ်ခုအပေါ်မှာ ကျမ်းစာတစ်ပိုင်းတစ်စ၊ အဆို အမိန့် တစ်ပိုင်းလောက်ကို ကြည့်ပြီး အကဲဖြတ်တာမျိုးလည်း မဖြစ်စေချင်ပါဘူး။ တကယ်တမ်းပြော ရရင် ကျွန်တော်တို့ကိုယ်တိုင် တောင် ဗုဒ္ဓရဲ့ အဆုံးအမအားလုံးကို နားလည်နိုင်သေးတာမှမဟုတ်တာ။ ဒီ တော့ သူများဘာသာကို
စာတစ်ပုဒ်လောက်ဖတ်ပြီး အကောင်းအဆိုးပြောဖို့ မသင့်ပါဘူး။ ပြီးတော့ သူတို့ဘာသာတွေအထဲမှာတောင် အယူအဆ၊ အနက်ကောက်ယူမှုတွေအပေါ် အများကြီးကွဲပြား မှုရှိနေသေးတာကိုလည်း သတိပြုသင့်ပါတယ်။
အစၥလမ္ဘာသာ၀င္မ်ား
မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်များအနေနဲ့လည်း မောင်တော ဒေသမှာ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းဖယ်ရှားနေတာကို အစ္စလမ်ဘာသာဝင် အားလုံးအပေါ်မှာ ခွဲခြားဆက်ဆံနေတယ်၊ တိုက်ခိုက်နေတယ်လို့ မမြင်စေချင်ပါဘူး။
တကယ်တော့ အစ္စလမ်အစွန်းရောက်ဝါဒီတွေကြောင့် အများဆုံးထိခိုက်နစ်နာရတာက အစ္စလမ် ဘာသာဝင်တွေပါပဲ။ ထိခိုက်နစ်နာမှုက နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ဒီအုပ်စုတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အစ္စလမ်ဘာသာ နာမည်ဖျက်ခံရတာပါပဲ။ ဒါကတော့ အကျယ်ရှင်းဖို့တောင်မလိုပါဘူး။ တာလီဘန်နဲ့အခြားအကြမ်းဖက်အုပ်စုတွေမပေါ်ခင် ၁၉ ၉ ၀ နှစ် တွေမတိုင်ခင်က အစ္စလမ်ဘာသာဝင်များအပေါ် နိုင်ငံတကာအမြင်နဲ့ အခုအချိန် မြင်နေတာကို နှိုင်းယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။
ဒုတိယထိခိုက်နစ်နာမှုကတော့ အစ္စလမ်အစွန်းရောက်တွေရဲ့ ဖိနှိပ်မှုကို အများဆုံးခံရတာက အစ္စ လမ်ဘာသာဝင်တွေပါပဲ။ အာဖဂန်မှာ တာလီဘန်တွေ၊ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ် အဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ သူတို့ အစွန်းရောက်အယူအဆအတိုင်းမနေနိုင်တဲ့ အစ္စလမ် ဘာသာဝင်တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ အားလုံးတွေ့ခဲ့ပြီးပါပြီ။ အီရတ်အပါအ၀င် အ ရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ အာဖဂန်၊ပါကစ္စတန်နိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးရတာတွေကလည်း အစ္စလမ်ဘာသာဝင်တွေပါပဲ။ ဒ့ါကြောင့်လည်း ဒီအုပ်စုတွေ ကို အစ္စလမ်ဘာသာဝင်တွေကပဲ ဦးဆောင်ပြီး ဆန့်ကျင်တိုက်ခိုက်နေတာပါ။
ဘူးသီးတောင်၊မောင်တောဒေသက ကျေးရွာအများစုဟာ အဲဒီလို အစ္စလမ်အစွန်းရောက်တွေရဲ့ ဘာသာရေးအရချုပ်ကိုင်မှုအောက်မှာ ရှိနေတာပါ။ အဲဒီမှာ ခြံစည်းရိုးအမြင့်ကြီးနဲ့ ကာထားတဲ့ ခြံ ၀င်းတွေထဲမှာ ပိတ်လှောင်ခံထားရတဲ့ အမျိုးသမီးတွေရှိတယ်။ အရွယ်မရောက်ခင် အိမ်ထောင်ချ ပေးခံရတဲ့ အမျိုးသမီးငယ်လေးတွေရှိတယ်။ အစိုးရကျောင်းမတက်ရပဲ ဘာသာရေးကျောင်းပဲ တက်ရတဲ့ ကလေးငယ်တွေရှိတယ်။ ဒီနေ့ ရန်ကုန်၊မန္တလေးက အစ္စလမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီတွေရရှိနေတဲ့အခွင့်အရေးတွေအဲဒီမှာမရှိဘူး။ခင်ဗျားတို့တောင်အဲဒီလို ရွာ မျိုးရောက် သွားရင် သူတို့ အဆုံးအမတိုင်းမနေလို့ နှိပ်ကွပ်ခံရမယ့်အခြေအနေမှာရှိပါတယ်။
ရှောင်ရန်
ရခိုင်ပြည်နယ်က ဘင်္ဂလီတွေရဲ့ နိုင်ငံသားဖြစ်မှု၊နိုင်ငံသားအခွင့်အရေးရရှိနိုင်မှု ဆိုတဲ့ အရေးကိစ္စ တွေကို ဖြေရှင်းရာမှာနှစ်ဘက်လုံးမှာရှိတဲ့ အစွန်းရောက်ဝါဒီ
တွေကြောင့်အခက်အခဲတွေ အများကြီးဖြစ်နေခဲ့ရတယ် ဆိုတာကိုလည်း
နားလည်စေချင်ပါတယ်။ အစွန်းရောက်ဝါဒီတွေသာမရှိရင် ရခိုင် ပြည်နယ်မှာ လူ မျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ မခက်လှပါဘူး။
ဘယ်ဘက်က ဖြစ်ဖြစ် ဘာသာရေးအရ၊လူမျိုးရေးအရ၊ နိုင်ငံရေးအယူအဆအရ အစွန်းရောက် တာမှန်သမျှ က အန္တရာယ် ပဲ။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လာ
ရင်တော့ အဲဒီအန္တရာယ်က ဒေသ တစ်ခုတည်းနဲ့သာ သက်ဆိုင် တာ
မဟုတ်တော့ဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အရေးဖြစ်လာပါပြီ။ အမျိုးသားရေးဖြစ်လာပါပြီ။
ဒါ့ကြောင့် နိုင်ငံရေး၊ ဘာသာရေးထောင်ချောက်တွေကိုရှောင်ပြီး အားလုံး ညီညီ
ညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ချိန်တန်ပြီလို့ နှိုးဆော်လိုက်ရပါတယ်။
ye htut
No comments:
Post a Comment