ရန်ကုန်၊ နိုဝင်ဘာ ၂
ရွှေတိဂုံ စေတီတော် လုံခြုံရေး တိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ညွှန်ကြားလာပါက ထပ်မံ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးထွန်းအောင်ငွေက ပြောကြားသည်။
ရွှေတိဂုံ စေတီတော် လုံခြုံရေးအတွက် ရွှေတိဂုံ လုံခြုံရေး အင်အား ၃ဝဝ ခန့်နှင့် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ည ၁ဝ နာရီမှ နံနက် ၄ နာရီထိ လှည့်ကင်းများ တိုးမြှင့် ဆောင်ရွက်ထားသည့်အပြင် CCTV အလုံး ၁ဝဝ ခန့်ဖြင့် စောင့်ကြည့်လျက် ရှိကြောင်း ၎င်းကဆိုသည်။
“ညဘက်ကို လှည့်ကင်း တစ်ကြိမ်ပဲ ဆောင်ရွက်ရာကနေ အခု ရက်ပိုင်းမှာ လုံခြုံရေး တိုးမြှင့်ပြီးတော့ လှည့်ကင်းကို လေးကြိမ်ထိ တိုးမြှင့် ဆောင်ရွက်နေပါတယ်”ဟု ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးက ဆိုသည်။
ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမြော်သည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ပြည်သူများ လုံခြုံ စိတ်ချစွာ ဘုရားဖူးနိုင်စေရန်နှင့် ရွှေတိဂုံ စေတီတော် လုံခြုံရေးအတွက် လုံခြုံရေး အင်အား တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး အဝင်အထွက် ဂိတ်များတွင်လည်း ကြပ်ကြပ်မတ်မတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ဦးထွန်းအောင်ငွေက ပြောကြားသည်။
ရွှေတိဂုံ စေတီတော် လုံခြုံရေးအတွက် စေတီတော်အနီး ပတ်ဝန်းကျင်တွင် အဝေးထိန်း မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ပျံသန်းခွင့်ကို ပိတ်ပင်ထားပြီး ယခုလက်ရှိ ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်တွင် ဒရုန်း လေယာဉ်များ မောင်းနှင်ခွင့် တားမြစ်ကြောင်း ဗီနိုင်း ကြေညာများ ကပ်ထားကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment