တောင်ငူ၊နိုဝင်ဘာ၂
ရန်ကုန်မန္တလေး အမြန်လမ်းတစ်လျောက် ဖြတ်သန်းခွင့်ပေးထားသည့် ယာဉ်များအနက် သစ်လုံးများ တင်ဆောင်ထားသော သစ်တင်ယာဉ်ကြီးများ မပါကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးဌာနချုပ်(နေပြည်တော်) မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနအနေနှင့် သစ်သီးဝလံနှင့် ကုန်စိမ်းယာဉ်များကိုသာ ဖြတ်သန်းခွင့် ပေးထားသည်ဟု ၎င်းကဆိုသည်။
“ဆောက်လုပ်ရေး ၀န်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်ယာဉ်တွေက လွဲရင်ဘယ်ကားမဆို ကုန်တင်ဆောင်ပြီး ဖြတ်သန်းခွင့်မရှိဘူး။သစ်လုံးတင်ယာဉ်တွေကို အမြန်လမ်း ရဲတပ်ဖွဲ့စခန်းတွေက စစ်ဆေးခွင့် မရှိပေမယ့် သစ်တောဦးစီးဌာနနဲ့ ပေါင်းပြီး တိုးဂိတ်လိုနေရာမျိုးကနေ ဖမ်းဆီးစစ်ဆေးခွင့်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြိုချောင်း-ဖဒို ကျေးရွာလမ်းဆုံမှနေ၍ သစ်လုံးတင်ယာဉ်ကြီးများ အမြန်လမ်းပေါ်တက်ကာ ဖြတ်သန်းမောင်းနှင်နေကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ရဲအရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။
သစ်တောဦးစီးဌာနထံမှ သစ်ထုတ်လုပ်ခွင့်ရယူထားသည့် ကုမ္ပဏီအချို့မှ သစ်လုံးတင်ယာဉ်များ အနေနှင့် ရန်ကုန်မြို့သို့ သယ်ဆောင်ရာတွင် လမ်းဟောင်းကသာ ဖြတ်သန်းမောင်းနှင်လေ့ ရှိသော်လည်း သစ်ထုတ်ထားသည့် သစ်ကွင်းအနေအထားကြောင့် တစ်ခါတစ်ရံတွင် အမြန်လမ်းပေါ် တက်ရခြင်းမျိုးရှိကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှနေ၍ ကုန်စည်တင်ဆောင် ပြေးဆွဲနေသည့် ၀န်ရိုးသုံးခုပါ ၁၀ဘီးတပ်ယာဉ်ကြီးများအနေနှင့် သတ်မှတ်ထားသည့် သစ်သီးဝလံနှင့် သားငါးများအပြင် သတင်းနှင့်စာစောင်များမှအပ အခြားကုန်စည်များ တင်ဆောင်လာပါက စည်းကမ်းပျက်ယာဉ်အဖြစ် သတ်မှတ်၍ အရေးယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဟင်းသီးဟင်းရွက်၊အသား၊ငါး၊ဂဏန်းနှင့် စာနယ်ဇင်းကုန်စည်တင် မော်တော်ယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment