Thursday, November 3, 2016

ညောင်ရွှေဟော်နန်းဝင်းအတွင်း ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရန် စီမံနေခြင်းအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ပြင်းထန်စွာ ကန့်ကွက်


Posted: November 2, 2016

ညောင်ရွှေဟော်နန်းနှင့် ဟော်နန်းဝင်းအတွင်း ညဈေးဆိုင်ခန်းများ ဖွင့်လှစ်ရန် စီမံနေခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (တောင်ကြီး)မှ နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

ညောင်ရွှေဟော်နန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သည့် စ၀်ရွှေသိုက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး စ၀်ရွှေသိုက်၏ သားသမီးများသည်လည်း ယခုတိုင် ရှိနေကြဆဲဖြစ်သည်ဟု ဆိုသည်။

 

၁၉၂၃ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော ညောင်ရွှေဟော်နန်းသည် သက်တမ်းအားဖြင့် ၉၃ နှစ်ပြည့်ပြီးဖြစ်သော သမိုင်းဝင် အဆောက် အအုံဖြစ်ပြီး ရှမ်းပြည်နယ် တစ်ခုလုံး၏ နိုင်ငံရေး ပြယုဂ်တစ်ခုဖြစ် သည်ဟု ဖော်ပြထားသည်။

 

ညောင်ရွှေဟော်နှင့် ပတ်သက်၍ သမ္မတဟောင်း စဝ်ရွှေသိုက်၏ သမီးတစ်ဦးမှ နိုင်ငံတော်သမ္မတ နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ ထံ ဟော်နန်းအား မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မိသားစုစီမံမှု (Family Settlement) အဖြစ် ဟော်ဝန်းအား ပြန်လည် ရယူလိုကြောင်း စာတင်၍ အကြိမ်ကြိမ် တောင်းဆို ခဲ့သော် လည်း ပြည်နယ်အစိုးရမှ အကြောင်း တစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိခဲ့ဟု ညောင်ရွှေစော်ဘွား သမီးဖြစ်သူ စ၀်ဟေမာသိုက်က ပြောကြောင်း သျှမ်းသံတော်ဆင့်တွင် ပြီးခဲ့သည့် သြဂုတ်လက ဖော်ပြခဲ့သည်။

 

ယင်း ညောင်ရွှေဟော်နန်းကို ညောင်ရွှေစော်ဘွား ဆာစ၀်မောင်မှ အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး သားတော် စ၀်ရွှေသိုက်မှ ၁၉၂၃ ခုနှစ်တွင် ပြီးစီးအောင် တည်ဆောက်ခဲ့ခြင်းဟု ဆိုသည်။ ညောင်ရွှေစော် ဘွား စ၀်ရွှေသိုက်မှာ ပင်လုံစာချုပ် ချုပ်ဆိုမှုတွင် အရေးပါသည့် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ပါလီမန် အစိုးရလက်ထက်တွင် ပထမဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။ စော်ဘွားကြီးမှာ ထိုကဲ့သို့ ရာထူးများ ရယူခဲ့သော်လည်း ပင်လုံ ကတိက၀တ် ချိုးဖောက်ခံရမှုနှင့် တိုင်းရင်းသား အရေးတို့နှင့် ပတ်သက်၍ တိုင်းရင်းသားများဘက်မှ အမြဲတမ်း ဦးဆောင်ခဲ့မှုကြောင့် ၁၉၆၂ ခုနစ် အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ထဲတွင် ကွယ်လွန်ခဲ့သည်။

 

ညောင်ရွှေ စော်ဘွားဟော်မှာ အာဏာသိမ်းပြီးနောက် အာဏာရှင်အစိုးရမှ အစိုးရပိုင်အဖြစ် သိမ်းခဲ့ခြင်းဖြစ်ပြီး ၆၂ စစ်တပ် အာဏာသိမ်းမှု အတွင်း ညောင်ရွှေစော်ဘွား သားတစ်ဦးမှာ စစ်တပ် ပစ်ခတ် မှုကြောင့် သေဆုံးခဲ့သည်။ ညောင်ရွှေဟော်နန်း ၀င်းအတွင်း ညဈေးတန်း ဖွင့်လှစ်ရန်ရှိကြောင်း ဟိုတယ်/ခရီးဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်တွင် ဖြေကြားထားသည်။

 

ဝသန်

The Ladies News

No comments: