Sunday, July 3, 2016

မိုင်ဂျာယန် ညီလာခံ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည် -----------------------------------


ရန်ကုန်၊ ဇူလိုင် ၂

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေ ဖြစ်သော မိုင်ဂျာယန်ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံ မတိုင်မီ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း ပါဝင်သော UNFC အဖွဲ့တို့ နှစ်ဘက် တွေ့ဆုံမှုကို ယခု (ဇူလိုင်လ) အလယ်တွင် လျာထားကြောင်း ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့က အရင်ဖြစ်မှာပေါ့၊ ပြီးတော့မှ မိုင်ဂျာယန် ညီလာခံ လုပ်မယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီး ညီလာခံတွင် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် လက်မှတ် မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့များ အားလုံး တက်ရောက်ပြီး ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြန်လည် ညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ ညီလာခံကို ယခုလ (ဇူလိုင်) အတွင်း ပြုလုပ်မည်ဖြစ်ကာ ညီလာခံမှ တစ်ဆင့် ၂၁ ရာစုပင်လုံ ညီလာခံသို့ မည်သည့် အဖွဲ့အစည်းများ တက်ရောက်မည်၊ မတက်ရောက်မည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)က ထုတ်ဖော် ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် UNFC မှ အတွင်းရေးမှူး ခူဦးရယ် ခေါင်းဆောင်သော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တော်ရှိ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် တွေ့ဆုံထားသည်။


No comments: