ရန်ကုန်၊ ဇူလိုင် ၉
ဒေါပုံနှင့် ဗိုလ်တထောင်မြို့နယ်သို့ ဆက်သွယ်ထားသည့် မဟာဗန္ဓုလ တံတားတွင် ဇူလိုင်လ ၈ ရက် နံနက် ၄ နာရီခွဲက အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး တစ်ဦးမှာ တံတားလက်ရမ်း ဘောင်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံး စီရင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ သေဆုံးခဲ့သူမှာ ဒေါ်ပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်းတွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ သဒ္ဒါရုံ ကားမှတ်တိုင်အနီးရှိ စားသောက်ဆိုင်တွင် ဘီယာအတူ ထိုင်သောက်ပြီး နှစ်ဦး စကားများရာမှ ၎င်းတစ်ဦးတည်း ဆိုင်မှ ထွက်သွားပြီး မဟာဗန္ဓုလ တံတားပေါ်မှ ခုန်ချခဲ့သောကြောင့် တံတား အောက်ရှိ ရွှံနွံများပေါ် ပြုတ်ကျ၍ ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးခဲ့ကြောင်း ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“သေဆုံးသူ အမျိုးသမီးက ကိုယ်ဝန် နှစ်လ ဆောင်ထားရသူပါ၊ လင်မယား နှစ်ယောက် စကားများပြီး သူတစ်ယောက်တည်း ဘီယာဆိုင်က ထွက်သွားလို့ ခင်ပွန်းဖြစ်သူက စားသောက်ထားတဲ့ ငွေရှင်းပြီး နောက်က လိုက်လာချိန်မှာ သူက မဟာဗန္ဓုလ တံတားပေါ် ရောက်နေပြီး တံတားလက်ရမ်းပေါ်ကနေ အောက်ကို ခုန်ချခဲ့တာလို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ်၊ သေဆုံးသူကို ဆေးရုံပို့ပြီး ရင်ခွဲ စစ်ဆေးနေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းသေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပီအာရ် ဝဝ၈ ဖြင့် ပို့အပ်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၉/၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice
No comments:
Post a Comment