Tuesday, July 12, 2016

မူလတန်းကျောင်းသားခြောက်ဦး အစာအဆိပ်သင့် ------------------------------------------

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု ဂျိုးဖြူကျေးရွာတွင် နေထိုင်သော မူလတန်း ကျောင်းသားကျောင်းသူ ခြောက်ဦးမှာ အစာအဆိပ်သင့်ခဲ့သဖြင့် ဇူလိုင်လ ၁၁ရက် ညနေ  ၄နာရီခွဲက ကျိုင်းတုံ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးထံမှ သိရှိရသည်။

ကျေးရွာ မူလတန်းကျောင်းတွင်  ပညာသင်ကြားနေသော ကျောင်းသားများအနက်  အသက် ငါးနှစ်မှ ကိုးနှစ် အရွယ် ကျောင်းသား ကျောင်းသူ ခုနှစ်ဦးမှာ ဇူလိုင်လ ၁၁ရက် မွန်းလွဲပိုင်းတွင် ကြက်ဥဟင်းဖြင့်  ထမင်းစားသည့် အပြင် တရုတ်နိုင်ငံထုတ် ငုံးဥနှင့်အစပ်မုန့်များ စားပြီးနောက်  မူးဝေအော့အန်ခဲ့သဖြင့် ကျိုင်းတုံ ဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှု ခံယူနေရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

"အိမ်ကနေထုပ်ပေးလိုက်တဲ့ကြက်ဥဟင်းနဲ့ထမင်းစားတဲ့အပြင် ဈေးဆိုင်ကနေ တရုတ်ကလာတဲ့အစပ်မုန့်တွေ ငုံးဥတွေနဲ့ သရက်သီးတွေလည်း စားကြတယ်။ ရွာထဲက ကလေးခုနှစ်ဦး ဖြစ်ပေမယ့် တစ်ယောက်က ဆေးရုံ မတက်လိုက်ရဘူး၊ ကလေးတွေရဲ့ မိဘတွေက  လယ်ထဲသွားနေလို့ ဆရာမတွေက ဆေးရုံပို့ပေးတာ” ဟု  စတုတ္ထတန်းကျောင်းသူ မအမ်ပန်းမိန်၏ မိခင်ဒေါ်အုပ်လျှိုးက ပြောဆိုသည်။

"ကလေးတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမယ့် ၂၄နာရီစောင့်ကြည့်ကုသပေးရမယ်။ တရုတ်ကလာတဲ့ မုန့်မျိုးစုံစားတဲ့အပြင် အခြားမုန့်တွေလဲစားတယ်လို့ သိရတယ်"ဟု ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာမို့မို့အောင်က  ပြောကြားသည်။

အလားတူ မေလနောက်ဆုံးပတ်ကလည်း တောင်တန်းသာသနာပြုဆရာတော်တစ်ပါး၏ ဂုဏ်ပြုပွဲသို့ တက်ရောက်လာသည့် သံဃာတော်နှင့်မူလတန်းပြဆရာမအယောက် ၂၀တို့ မှိုအစာအဆိပ်သင့်ရာမှ ကျိုင်းတုံ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။

ဓာတ်ပုံ - ရန်နိုင်

No comments: