Sunday, July 10, 2016

စပိန်ဝါရင့်နွားရိုင်းသတ်သမား နွားရိုင်းဦးချိုဖြင့် ဝှေ့ခတ်ခံရ၍ သေဆုံး

စပိန်နိုင်ငံရဲ့ နာမည်ကျော် ရိုးရာနွားရိုင်းသတ်ပွဲတော်တခုအတွင်းမှာ ၀ါရင့်နွား ရိုင်းသတ်သမားတဦးဟာ ဇနီးသည်အပါအ၀င် ပွဲကြည့်ပရိသတ်ရာပေါင်းများစွာ ကြည့်ရှုနေတဲ့ ကွင်းလယ်မှာ နွားရိုင်းရဲ့ ဦးချိုနဲ့ ဝှေ့ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

စပိန်နိုင်ငံအရှေ့ပိုင်း၊ အာရဂွန်မြို့၊ တီရူရယ်ဒေသမှာ ဇူလိုင် ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီနွားရိုင်းသတ်ပွဲတော်ကို ရုပ်မြင်သံကြားအစီအစဉ်တခုကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ဗစ်တာ ဘာရီယိုဟာ ကွင်းအတွင်း သရုပ်ပြနေချိန်မှာ နွားရိုင်းဝှေ့ခတ်ခံရပုံကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို ဖြစ်သွားခဲ့တာပါ။

ရုတ်တရက် နွားရိုင်းက ဝှေ့ခတ်ဖို့ကြိုးစားခဲ့ချိန်မှာ အနီးနားက တခြားသရုပ်ပြအမျိုးသား ၂ ဦးဟာ သူ့ကို ကူညီဖို့ သွားရောက်ခဲ့ကြပေမယ့် အချိန်မမီခဲ့ပဲ နွားရိုင်းဟာ ဘာရီယိုရဲ့ ရင်ဘတ်ကို ချိုနဲ့ ခတ်လိုက်တာပါ။

ဘာရီယိုနဲ့ ၂၀၁၄ ခုနှစ်ကတည်းက လက်ထပ်ခဲ့တဲ့ ဇနီးဖြစ်သူ ရာကယ်လ် ဆန့်ဇ် ကတော့ သူ့အနေနဲ့ ဘာရီယို့ကို မြေပြင်ပေါ်မှာ မလှုပ်ရှားနိုင်ပဲ လဲလျောင်းလျက်သား  ခုလိုမြင်လိုက်ရတာကို ယူကျုံးမရဖြစ်မိတယ်လို့ ပြောပါတယ်။

သတိလစ်မေ့မျောနေတဲ့ ဘာရီယိုကို ဆေးရုံကို အချိန်မီပို့ဆောင်ခဲ့ပေမယ့် အဆုတ်နဲ့ လည်ချောင်းကို ထိုးဖောက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆရာဝန်တွေက သူ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။

စပိန်နိုင်ငံ ရိုးရာနွားရိုင်းသတ်ပွဲတော်ကာလတွင်း ခုလိုဝါရင့် နွားရိုင်းသတ်သမား သေဆုံးမှုဟာ ၂၁ ရာစုအတွင်း ပထမဆုံးသေဆုံးမှုဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

ဒီထိတ်လန့်စရာ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်မျှဝေခဲ့ကြတာပါ။

ရိုးရာနွားရိုင်းသတ်ပွဲတော်ကာလတွင်း နွားရိုင်းသတ်သမား သေဆုံးခဲ့မှုဟာ ၁၉၈၅ ခုနှစ်မှာ နောက်ဆုံးဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဘာရီယိုကတော့ အသက် ၂၀ အရွယ်မှာ နွားရိုင်းသတ်သမားတဦးဖြစ်လာခဲ့တာပါ။

No comments: