Friday, July 1, 2016

အူရီဒူးဆင်းမ်ကတ် ရောင်းချရာတွင် နံပါတ်အဟောင်းများ ပါဝင်ခြင်းကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ရှုပ်ထွေးမှုများ ရှိနေကြောင်း သတင်းထွက်ပေါ်

အူရီဒူးအနေဖြင့် နံပါတ်အလှများ၊ ဆင်တူနံပါတ်များ ရောင်းချရာတွင် ယခင်အသုံးပြုထားသော နံပါတ်များ ပါဝင်နေပြီး ဖုန်းနံပါတ်ဖြင့် ၀င်ရောက် အသုံးပြုထားသော ဆော့ဖ်ဝဲများ၌ ကိုယ်ရေးကိုယ်တာ အချက်အလက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ အူရီဒူး (မြန်မာ) အနေဖြင့် လတ်တလောတွင် မပြောကြားလိုကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး လာမည့် တစ်ပတ်အတွင်း အသေးစိတ် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခင် နံပါတ်အဟောင်း တစ်ခုကို နောက်ထပ်သုံးစွဲသူ အသစ်ကြောင့် ယခင်သုံးစွဲထားသည့် Viber စသော ဆော့ဖ်ဝဲများ၌ ကျန်ရှိနေသော အချက်အလက်များမှာ နောက်ထပ်အသစ် သုံးစွဲသူထံ ရောထွေးရောက်ရှိ သွားခြင်းများ ဖြစ်ပေါ်နေကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

"အူရီဒူးဆင်းမ်ကတ်တွေက သုံးလအထိ မသုံးစွဲဘဲ ပစ်ထားရင် လိုင်းပိတ်မယ်ဆိုတာ စတင်ရောင်းချ ကတည်းက ပြောထားပြီးသား ဖြစ်ပါတယ်။ လိုင်းပြန်ပွင့်ချင်ရင်တော့ ၀ယ်တုန်းက မှတ်ပုံတင်နဲ့ ပြန်လျှောက်လို့ရတယ်။ ခုကိစ္စကိုတော့ ဖြေရှင်းဆောင်ရွက် နေတုန်းဖြစ်ပြီး လာမယ့်အပတ်ထဲမှာ တရားဝင် ထုတ်ပြန်ပေးသွားဖို့ ရှိပါတယ်" ဟု အူရီဒူး (မြန်မာ)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အူရီဒူးဆင်းမ်ကတ်များမှာ ရက် ၉၀ ကြာ အသုံးပြုခြင်း မရှိပါက ရက် ၃၀ ကြာ ဆိုင်းငံ့ခံရမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းငံ့ ကာလအတွင်း ငွေပြန်ဖြည့်ပါက ကတ်မှာ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ကျော်လွန်သွားလျှင်မူ ယင်းဖုန်းနံပါတ်ကို လုံးဝပိတ်သိမ်း သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ သိရသည်။ ထို့ကြောင့် လေးလအထိ အသုံးပြုခြင်း မရှိသော ဆင်းမ်ကတ်များ လိုင်းလုံးဝ ပိတ်သိမ်းခံရမည် ဖြစ်သည်။

အူရီဒူး (မြန်မာ) အနေဖြင့် မေလကုန်ပိုင်းမှစ၍ စိတ်ကြိုက်နံပါတ်များ၊ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်နှင့် ဆင်တူသော နံပါတ်များ ရောင်းချပေးခြင်းကို အရှိန်မြှင့်တင်ခဲ့ပြီး ဈေးနှုန်းများလည်း လျှော့ချပေးခဲ့ကြောင်း သိရသည်။ ပုံမှန်ဈေးနှုန်းဖြစ်သော ကျပ် ၁၅၀၀ မှ စတင်၍ ၀ယ်ယူနိုင်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ငွေဖြည့်ကတ်များ ဖြည့်သွင်းရာတွင် ဆင်းမ်ကတ်သက်တမ်းကို တစ်နှစ်အထိ တိုးမြှင့်လိုက်ပြီး ကျန်ဆက်သွယ်ရေး အော်ပရေတာများမှာမူ ဆင်းမ်ကတ်သက်တမ်းကို သုံးလ၀န်းကျင်သာ သတ်မှတ်ထားကြောင်း သိရသည်။ ဆင်းမ်ကတ်သုံးစွဲမှု များလာပြီးနောက် ပုံမှန်သုံးစွဲခြင်း မရှိသော ကတ်များမှာ လိုင်းပိတ်သိမ်း ခံရခြင်းများ အမြဲဖြစ်ပေါ်နေကြောင်း သိရသည်

No comments: