Wednesday, January 13, 2016

SSPP/SSA ဒု ဥက္ကဌနှင့် ကစထ ၂ မှူး မိုင်းနောင်မြို့၌တွေ့ဆုံ ======================================

SSPP/SSA ဒု ဥက္ကဌနှင့် ကစထ ၂ မှူး မိုင်းနောင်မြို့၌တွေ့ဆုံ
======================================

သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာန အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့၌ တွေ့ဆုံကြသည်။
ဂျန္နဝါရီ ၁၀ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ခေါင်းဆောင်သည့် ရလခ တိုင်းရုံးဌာနချုပ်၊ ရမခတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ပါဝင်သည့်အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်းနှင့် ရုံးအုပ်ဗိုလ်မှူးကြီး စိုင်းဆုတို့ မိုင်းနောင်မြို့ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံး၌ အလွတ်သဘော တွေ့ဆုံကြသည်။

နိုဝင်ဘာလနှောင်းပိုင်းက နှစ်ဘက်တွေ့ဆုံမှုတွင် ပစ်ခတ်တိုက်ခိုက်မှုများအား ပူးပေါင်း စောင့်ကြည့်နိုင်ရန် မိုင်းနောင်မြို့၌ သျှမ်းပြည်တပ်မတော်အနေဖြင့် ကိုယ်စားလှယ်ရုံးထားရန် ဆွေးနွေးဆုံးဖြတ်ထားကြသည်။
SSPP/SSA ဌာနချုပ်အရာရှိက တဦးက “အလွတ်သဘောဘဲ တွေ့ဆုံကြတာ၊ ဘာမှ သဘောတူ ဆုံးဖြတ်တာမရှိဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။ SSPP/SSA ၏ ပြောရေး ဆိုခွင့်များအား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

မြန်မာအစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော်အား မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်း ကျူးကျော်စခန်းချသည်ဟုဆိုကာ ဂျက်တိုက်လေယာဉ်၊ တိုက်ပွဲဝင်ရဟတ်ယာဉ်နှင့် စစ်အင်အား ထောင်ဂဏန်းအား အသုံးပြု၍ ၂၀၁၅ အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာလနှောင်းပိုင်းအထိ နှစ်လ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲရပ်တန့်ရေးအတွက် ဒီဇင်ဘာလဆန်းပိုင်းက ထိပ်တိုက်ရင်ဆိုင်သည့် နယ်မြေအတွင်းမှ နှစ်ဘက်တပ်များ အသီးသီးဆုတ်ခွါမည်ဟု သဘောတူကြသော်လည်း လက်တကမ်းခန့်သာဆုတ်ပြီး ၂၄ နာရီအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ အချိန်မရွေးပေါ်ပေါက်နိုင်သောကြောင့် ဒေသခံ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အခက်အခဲ ရှိနေဆဲဖြစ်သည်။

By သျှမ်းသံတော်ဆင့်

No comments: