Wednesday, January 13, 2016

“စစ်သားတိုင်း စစ်တိုက်မယ်၊ ငြိမ်းချမ်းရေးကို လုပ်လို့မရဘူးလို့ ထင်လို့မရပါဘူး”

“စစ်သားတိုင်း စစ်တိုက်မယ်၊ ငြိမ်းချမ်းရေးကို လုပ်လို့မရဘူးလို့ ထင်လို့မရပါဘူး”
Tuesday, January 12, 2016

လက်ရှိအစိုးရ လက်ထက်တွင် ၂၀၁၅ ရွေးကောက်ပွဲအရ အသစ်တက်လာမည့် အစိုးရ ထံသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပစ်ရပ် လက်မှတ်ထိုးရန် ကျန်ရှိနေသေးသော အဖွဲ့များ အပစ်ရပ်ဆွေးနွေးပွဲများ စတင်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ နေပြည်တော်သမ္မတရုံးရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် The Voice Weekly က သွားရောက်တွေ့ဆုံ မေးမြန်း ထားသည်ကို ဖော်ပြအပ်ပါသည်။

Voice - လက်ရှိအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကို နောက်အစိုးရ လက်ထက်မှာ ဘယ်လိုပုံစံ ဆက်လက်အကောင်အထည် ဖော်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပြီးပြီးလား သိပါရစေ။

UAM - ငြိမ်းချမ်းရေးဆိုတာ လူတိုင်းအတွက် လိုအပ်တယ်။

အစိုးရသစ်အစိုးရဟောင်း လို့တော့ ခွဲမပြောချင်ဘူး။ ဒီအစိုးရမှာလည်း ငြိမ်းချမ်းရေးကို လုပ်ခဲ့တယ်။ နောက်အစိုးရ ကလည်း ဆက်လုပ်မယ်လို့ NLD ပါတီက ကြေညာထားပြီး ဖြစ်တယ်။ လုပ်တဲ့အခါ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကတော့ တစ်ခုနဲ့တစ်ခု တူချင်မှ တူမယ်။ ကျွန်တော်တို့ ချဉ်းကပ်တာလည်း မှန်တယ်လို့ မပြောပါဘူး။ ကျွန်တော်တို့ ချဉ်းကပ်ခဲ့သော်လည်းပဲ ၁၆ ဖွဲ့ ထဲမှာ ရှစ်ဖွဲ့ပဲထိုးတယ် ဆိုတော့ ၅၀ ရာခိုင်နှုန်းပဲ လုပ်နိုင်ခဲ့တာပေါ့။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ် မှန်တယ်လို့မပြောပါဘူး။ နောက်အစိုးရ အတွက်ကတော့ နည်းလမ်းကောင်းတွေရှာပြီး ဆက်လုပ်ရမှာပေါ့။ ကောင်းတာတော့ဗျာ ကောင်းတာတွေကို ဆက်ယူ မကောင်းတာတွေ ချန်ခဲ့ပေါ့။ ဒီလိုပဲ ဆက်လုပ်သွားရင် ငြိမ်းချမ်းရေးကြီးက အောင်မြင်မှာပေါ့။

Voice - ညီလာခံ ငါးရက်မှာ ဘယ်အကြောင်းအရာနဲ့ စပြီးဆွေးနွေးကြဖို့ တိုင်းရင်းသားတွေက ဘယ်အချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စဆွေးနွေးဖို့ တောင်းဆိုထားတာ ရှိပါသလဲ။ နိုင်ငံရေးစာမျက်နှာကို ဘယ်အကြောင်းရာနဲ့ စဖွင့်မယ်ဆိုတာ ရှင်းပြပေးပါ။

UAM - ညီလာခံလုပ်တဲ့အခါ ကျွန်တော်တို့တွေ NCA စာချုပ်ကြီးကို တစ်ခုမှ ဘောင်မကျော်ခဲ့ဘူး။ ဘောင်ထဲက လုပ်တာပေါ့။ ဒီစာချုပ်ကလည်း လွှတ်တော်မှာ အတည် ပြုပြီးပါပြီ။ စာချုပ်ထဲမှာ တစ်ပတ်တွင်း ဘာလုပ်ရမယ်။ ရက် ၃၀ တွင်း ဘာလုပ်ရမယ်။ ရက် ၉၀ တွင်း ဘာလုပ်ရ မယ်ဆိုတာပါပြီးသား။ အခု ညီလာခံက လက်မှတ်ထိုးပြီး ရက် ၉၀ အတွင်းပဲ။ ဒီအတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမယ်လို့ ပါပြီးသားပဲ။
ဆွေးနွေးမယ့်အထဲမှာ ခေါင်းစဉ်ကြီး ငါးခုပါတယ်။ နိုင်ငံရေး။ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ အထွေထွေပေါ့။ အဲဒီခေါင်းစဉ်အောက်မှာ အချက်တွေက အများကြီး၊ အခုလာမယ့် ၉ ရက်နေ့မှာ UPDJC လို့ခေါ်တဲ့ အဖွဲ့တွေပြန်တွေ့ဖို့ ရှိတယ်။ အဲဒီအခါ ဒီခေါင်းစဉ်တွေ ဆွေးနွေးဖို့ တင်ပြရမှာပေါ့။ အခုလည်း UPDJC အတွင်းရေးမှူး တွေနဲ့လည်း တွေ့ပြီးပါပြီ။ ဖြစ်ဖို့များတာက ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖက်ဒရယ်ဆိုင်ရာ အချက်အလက်များ ဆိုပြီးတော့ ဆွေးနွေးမယ်။ စီးပွားရေးဆိုင်ရာ မှာတော့ power sharing ကို ဆွေးနွေးမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း နည်းတာများတာကို ဆွေးနွေးမယ်။ လူမှုရေးခေါင်းစဉ် အောက်မှာကျတော့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးထမ်း စာပေယဉ်ကျေးမှုပေါ့။ လုံခြုံရေးမှာတော့ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်းကိစ္စ ဆွေးနွေးမှာပေါ့။ အထွေထွေမှာတော သယံဇာတ အရင်းမြစ်တွေ မြေယာကိစ္စတွေ ဆွေးနွေးမှာပေါ။ ခေါင်းစဉ်ငါးခု အောက်က အကုန်လုံးကိုတော့ မဆွေးနွေးနိုင်သေးဘူး စောစောက အချက်တွေကို ထုတ်နုတ်ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။

Voice - NCA စတည်းက တက်လာမယ့် NLD အစိုးရက တောက်လျှောက် ပါဝင်ခဲ့တာမရှိဘူး။ ဆိုတော့ ဝန်ကြီးတို့ တောက်လျှောက်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး တစ်ခုလုံးကို တက်လာမယ့် အစိုးရလက်ထဲကို အချိတ်ဆက်မိမိ ဘယ်လိုလွှဲပြောင်းဖို့ ဆောင်ရွက်နေပါသလဲ။

UAM - ငြိမ်းချမ်းရေးဆိုတာ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ ဇွဲရှိရမယ်။ ဒါတွေကို ကျော်ဖြတ်ခဲ့လို့ ဒီအခြေအနေထိ ရောက်ခဲ့တာပါ။ နောက်တက်မယ့် အစိုးရကလည်း ဒါကို ဆက်လုပ်မယ်ဆိုတာ ပြောပါတယ်။ သူတို့ကို ကျွန်တော်ပြောတာတော့ ကျွန်တော်တို့ အစိုးရက မတ်လ ၃၁ ဆို ပြီးပါပြီ။ ဒီကာလမှာ လုပ်သင့်လုပ်ထိုက်တာကို စာချုပ်ထဲမှာ ပါတဲ့အတိုင်းကို လုပ်သွားမှာပါ။ နောက်အစိုးရ အနေနဲ့လည်း ပါဝင်သင့်တယ်။ ဒါမှ ဆက်လုပ်ဖို့ ပိုပြီးအဆင်ပြေမယ်ပေါ့။ NLD ဒီလိုညှိတာ ပေါ့ဗျာ။ နောက်အစိုးရ လက်ထက်မှာ ဘာတွေအခက်အခဲ ရှိနိုင်မလဲ။ ခင်ဗျားတို့ ဘာတွေလိုလားလဲ မေးရတာပေါ့။ အတတ်နိုင်ဆုံး ဆွေးနွေးကြပါတယ်။ နောက်ပိုင်းကာလမှ ငြိမ်းချမ်ရေးကို တိုင်ပင်ပြီးမှ လုပ်နေတာဖြစ်ပါတယ်။ လူတိုင်းကတော့ တော်ကြပါတယ်။ ကျွန်တော်တို့ မရှိလည်း ငြိမ်းချမ်းရေးကို နောက်လူက အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ ဒီလိုပဲ တွက်ထားပါတယ်။

Voice - အပစ်ရပ်မထိုးရသေးတဲ့ အဖွဲ့တစ်ဝက်လောက်ကလည်း ကျန်နေသေးတယ်။ လက်ရှိ NCA ကို လုပ်ခဲ့တဲ့သူတွေက စစ်ရဲ့သဘောကို ကျွမ်းဝင်တဲ့သူတွေနဲ့ လုပ်ထားတာ ဆိုတော့ တက်လာမယ့် အစိုးရ လက်ထက်မှာ ကျန်နေတဲ့အဖွဲ့တွေနဲ့ အပစ်ရပ်ကို ဆက်လုပ်ဖို့ ဘယ်လို အခက်အခဲတွေ ရှိနိုင်ပါသလဲ။

UAM - ငြိမ်းချမ်းရေးကို လုပ်တဲ့အခါ Player တွေ အရေးကြီးပါတယ်။ တာဝန်ယူ တာဝန်ခံရသူတွေ အရေးကြီးပါတယ်။ ဒီလူက ဒီနေရာသင့်တော်တယ် ဆိုရင် ဒီလူကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သမ္မတကြီးက ကျွန်တော့်ကို ဒီနေရာကို ရွေးချယ်ခဲ့တယ်။ ကျွန်တော်ကလည်း ကြိုးပမ်းခဲ့တယ်။ ဘာဖြစ်ဖြစ် နောက်တက်လာမယ့် အစိုးရကလည်း Player ကောင်းကောင်းရွေးတတ်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို ကောင်းကောင်း စိတ်မဝင်စားဘူး။ တန်ဖိုးမထားသူကို သွားရွေးရင် မှားသွားလိမ့်မယ်။ NLD ကို ပြန်ကြည့်ရင်လည်း စစ်ဗိုလ်စစ်သားတွေပါ ပါတယ်။ ဦးဝင်းထိန်တို့၊ ဦးစိုးဌေးတို့ စစ်အတွေ့အကြုံ လိုချင်ရင် သူတို့ကို ပြန်သုံးလို့ရတယ်။ ဒါကတော့ လူမှန်နေရာမှန် ရွေးချယ်တတ်ဖို့ပဲ လိုပါတယ်။

Voice - ဒီမတိုင်ခင်ကာလမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တော့ သူ့အနေနဲ့ တက်လာမယ့် သူ့အစိုးရမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက်ပါဝင်ဖို့ ဝန်ကြီးကို ကမ်းလှမ်းခဲ့တာ ရှိပါသလား။

UAM - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်က ငြိမ်းချမ်ရေးကိစ္စ ရောက်ရှိတဲ့ အခြေအနေကိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ တစ်ခုတော့ပြောပါတယ်။ ငြိမ်းချမ်းရေးကို ဝိုင်းကူပေးပါလို့ တစ်ခုပဲပြောပါတယ်။ ကျွန်တော့်အနေနဲ့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ကူညီပေးဖို့ဆိုတာ ခက်ပါတယ်။ ဘေးတိုက်ပဲ ကူညီပေးပါမယ်။ ငြိမ်းချမ်းရေးကို တန်ဖိုးထားတယ်။ ရချင်တယ်။ ဒီအတွက် ဘေးတိုက်ကူညီပေးပါမယ် လို့ပဲ ပြောခဲ့တယ်။ ငြိမ်းချမ်းရေးမှာ ဆက်လက်ပါဝင်ရေး မပါဝင်ရေးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ဘာမှမပြောခဲ့ပါဘူး။

Voice - လက်မှတ်မထိုးဘဲ ကျန်နေတဲ့အဖွဲ့တွေကို ဒီအစိုးရသက်တမ်း မကုန်ခင် မတ်လ ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဖို့ရှိပါသလား။ NCA ကို သူတို့က မထိုးဘူးငြင်းခဲ့တာ မဟုတ်ဘူးလို့လည်း ပြောထားပါ ရက်နဲ့ ဘယ်လို အကြောင်းကြောင်းကြောင့် နောက်တစ်ကြိမ် ထပ်တွေ့ဖို့ ခက်ခဲနေရတာပါလဲ။

UAM - တကယ်တော့ ပြောကြကြေးဆို ကျွန်တော်တို့မှာ အချိန်ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ငြိမ်းချမ်းရေးညီလာခံကြီး လုပ်နိုင်အောင် ဆောင်ရွက်နေတာ။ ဒါက ထူးခြားတယ်။ လူပေါင်း တစ်ထောင်ကျော်လောက် အတွက် ကြိုတင်ပြင်ဆင်ရတာ။ ကျွန်တော်တို့မှာ ဒီအချိန်ကျမှ အချိန်ပိုမရှိပါဘူး။ ကျွန်တော့်ကို ဒီကြားထဲမှာ ဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့ သုံးဖွဲ့လောက် ရှိတယ်။ နာမည်တွေတော့ မပြောတော့ဘူး။ ဒီချိန်မှာ ဆွေးနွေးဖို့ အချိန်မရှိတော့ဘူး။ လက်မှတ်ထိုးပြီး ညီလာခံ တန်းတက်မယ်ဆိုရင်တော့ လာခဲ့လိုက်ပါလို့ ကျွန်တော်ပြန်ပြောခဲ့တာ ရှိပါတယ်။ ညီလာခံပြီးမှ ကျန်နေတဲ့ အစိုးရသက်တမ်း အတွင်းမှာ ဆွေးနွေးဖို့လိုတယ် ဆိုလည်း ဆွေးနွေးသွားမှာပါ။ ဒီညီလာခံမှာလည်း ဖိတ်ထားတယ် တက်မတက်တော့မသိဘူး တက်လာလည်း ဆွေးနွေးလို့ရပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့ရော၊ မထိုးထားတဲ့ အဖွဲ့ရော ၁၁ ၇က်နေ့မှာ ကြိုတွေ့ဖို့ တောင်းဆိုလာတာရှိတယ်။ တွေ့ကြမယ်ပေါ့။

Voice - အပစ်ရပ်ဖို့ ကျန်နေတဲ့အဖွဲ့တွေက အားလုံး ပါဝင်ရေးဆိုတဲ့ အချက်တစ်ခုတည်းကြောင့် သဘောတူထားပြီး ဖြစ်တဲ့ စာချုပ်ကို လက်မှတ်မထိုးတာလို့ ပြောထားတာ ရှိပါတယ်။ ဝန်ကြီးတို့ ဘက်ကရော ဘယ်လိုမြင်ပါသလဲ။

UAM - ဒီလိုဗျ။ အားလုံးပါဝင်ရေးလို့ ပြောတဲ့အခါ တိုင်းရင်းသားအဖွဲ့တွေက သူတို့ဘက်က ယူဆတာ ၂၁ ဖွဲ့ရှိတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးစကားပြောဖို့ စကြေညာကတည်းက ၁၆ ဖွဲ့ပဲလို့ ပြောခဲ့တာ။ ငါးဖွဲ့ တိုးလာတာပေါ့။ ဒီအဖွဲ့တွေ ဘာ့ကြောင့်တိုးလာတာလဲ။ ကိုးကန့်၊ AA၊ လားဟူ၊ ‘ဝ’ ဖြူ (WNO) ၊ ANC ဆိုတဲ့အဖွဲ့တွေ တိုးလာတယ်။ ဒီကိစ္စကို ထိပ်သီးတွေ တွေ့တဲ့အခါ ၁၆ ဖွဲ့နဲ့ထိုးမယ် ပြောခဲ့တာ။ သူတို့ပြောတာ နောက်ထပ် အသစ်တွေပါ ထပ်ထည့်လာတယ်။ အသစ်တွေသာ လက်ခံမယ်ဆို နောက်ထပ်အသစ်တွေ အများကြီး ကျန်နေသေးတယ်။ ဒီလိုသာဆို ငြိမ်းချမ်းရေးဖြစ်စဉ်က အသစ်တွေထပ်တိုးရင်း ဘယ်တော့မှ ပြီးမှာမဟုတ်တော့ဘူး။ ဒါကြောင့် ၁၆ ဖွဲ့နဲ့ ဖြတ်ပြီးကျန်တဲ့အဖွဲ့ကို သတ်သတ် စကားပြောမယ် ဆိုပြီး ပြောတယ်။ ၁၆ ဖွဲ့ ထဲမှာတော့ ကေအိုင်အေ၊ ဝ၊ မိုင်းလား၊ ကရင်နီ၊ မွန်ပြည်သစ်ပါတီ၊ နာဂ၊ SSPP/SSA ပလောင်အဖွဲ့တွေပေါ့။ သူတို့က ထပ်တောင်းဆိုတာ နောက်ထပ် ငါးဖွဲ့ပါမှဆိုပြီး ပြောတယ်ဗျ။ ကျွန်တော်တို့က ပထမအဆင့်မှာ မပါနဲ့ ဒုတိယဆင့်ကျ ပါဆိုပြီး ပြောထားတယ်။ သူတို့က ပထမအဆင့်ကတည်းက ပါစေချင်တယ်။ ဥပမာ မွန်ပြည်နယ်မှာ နိုင်ပန်းလှအဖွဲ့ ရှိတယ်။ ဒီလူတွေကလည်း ဆွေးနွေးချင်တယ်။ ကျွန်တော်ကတော့ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးနေတယ်။ ဒါကြောင့် မွန်အချင်းချင်း ဆွေးနွေးပါဆိုတော့ မွန်ပြည်သစ်က လက်မခံပြန်ဘူး။ ကျန်တဲ့ ကိုးကန့်တို့ AA အဖွဲ့တို့ကျ လက်ခံပေးပါဆိုတော့ ကျွန်တော်တို့ဘက်က ပြောရခက်သွားတာပေါ့။ သူဘက် ကိုယ့်ဘက်တော့ ရှိရတာပေါ့။

Voice - ကျန်ခဲ့တဲ့အဖွဲ့ တွေက သဘောတူပြီးသားဖြစ်တဲ့ NCA စာချုပ်အပေါ်မှာ နောက်ဆုံးကျမှ အားလုံးပါဝင်ရေး ဆိုတဲ့ အချက်ကြောင့် လက်မှတ်ရေးထိုးဖို့ နောက်ဆုတ်ခဲ့တယ် ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်နိုင်ပါ့မလား။ ဝန်ကြီးဘယ်လို သုံးသပ်မလဲရှင့်။

UAM - လက်နက်ကိုင် ၁၆ ဖွဲ့ရှိတာပေါ့ဗျာ။ သူတို့နဲ့ မဆွေးနွေးခင်မှာ စကားပြောကြည့်တယ်။ နိုင်ငံရေး ခံယူချက် ဘယ်လောက်ရှိတယ်။ ငြိမ်းချမ်းရေးခံယူချက် ဘယ်လောက်ရှိတယ် ဆိုတဲ့ ပေတံနဲ့ တိုင်းတာပေါ့ဗျာ။ ဒီနိုင်ငံရေးနဲ့ ပတ်သက်တာအပြင်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာအပြင် တခြားအကြောင်းတွေလည်း အများကြီးရှိတယ်။ ဥပမာပေါ့ဗျာ စီးပွားရေးကို အခြေခံတာ၊ နောက်သူတို့ရဲ့ ဝါဒပေါ် အခြေခံတာတို့ကို သွားတွေ့တယ်။ ဒါတွေနဲ့ပတ်သက်ပြီး စဉ်စားလိုက်ရင် ငြိမ်းချမ်းရေးက ပိုဝေးသွားမှာပေါ့။ ဒါတွေကို နောက်မှရှင်းမယ်။ ပထမ အပစ်ရပ်မယ်ဆို ဒါမှ ဆွေးနွေးအဖြေရှာရမယ်လို့ ပြောတာပါ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က မတူညီကြဘူး။ တချို့က စီးပွားရေးပေါ်မှာ အခြေခံတယ်။ တချို့က လူမျိုးရေးပေါ်မှာ အခြေခံတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးက တစ်ဝက်ပဲ အောင်မြင်တာ။

Voice - ဝန်ကြီးအနေနဲ့ ငြိမ်းချမ်းရေးကို တောက်လျှောက် လုပ်လာတော့ နောက်အစိုးရ အပြောင်းအလဲမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို ထားခဲ့ရမယ် ဆိုတော့ ဝန်ကြီးအနေနဲ့ စိုးရိမ်မှုရှိပါသလား။ NLD အစိုးရ အပေါ်မှာပေါ့။

UAM - ကျွန်တော် စိုးရိမ်မှုမရှိပါဘူး။ ပြည်ထောင်စုယာဉ်ကြီးကြီး မောင်းနှင်ရမှာ ဘယ်သူတက်တက်ပါ။ သူတို့လည်း ငြိမ်းချမ်းရေးကို ဆက်လုပ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် အရင်က ငြိမ်းချမ်းရေးကို သိပ်မပြောခဲ့ဘူး။ အခုဆို ပြောရင်းနဲ့ ငြိမ်းချမ်းရေးက နံပါတ်တစ် ဖြစ်လာတယ်။ ငြိမ်းချမ်းရေးကို တန်ဖိုးထားသူ မှန်သမျှကို ကျွန်တော်ကြိုဆိုပါတယ်။

Voice - အပစ်ရပ်လက်မှတ် ထိုးထားပြီး မကြာခင်မှာပဲ။ RCSS/SSA နဲ့တိုက်ပွဲတွေ ပြန်ဖြစ်တာရှိတယ်။ အကဲဆတ်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်တံ့အောင် ထိန်းသိမ်းသွားမလဲ။ စောင့်ကြည့်ရေးအဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့အပေါ်မှာရော ဘယ်လို ပြောချင်ပါသလဲ။

UAM - NCA စာချုပ်အောက်မှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ တစ်ခုကတော့ ဒီတိုက်ခိုက်မှုတွေ မရှိအောင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေး ညီလာခံမှာ ရှင်းကြမယ်ပေါ့။ စောင့်ကြည့်ရေးအဖွဲ့မှာ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး လုပ်နေတယ်။ ဒီအဖွဲ့ကို ထိပ်ပိုင်းအဖွဲ့ ဖွဲ့ပြီးသွားပြီ။ Regional Level ဖွဲ့ရမယ် ။ ဒါပြီးမှ Local Level ဖွဲ့ရမယ်။ Regional Level ကို သိပ်မကြာခင်မှာဖွဲ့ဖို့ ဗိုလ်ချုပ်ကြီးရာပြည့်က RCSS/SSA နဲ့ ဖွဲ့ဖို့ သွားပါလိမ့်မယ်။ ဒါတွေ အသက်ဝင်မှ တိုက်ပွဲတွေ ရပ်ဆိုင်းမှာပေါ့။ စာချုပ်ထဲ လက်မှတ် ထိုးပြီးပေမယ့် သူ့နေရာ၊ ကိုယ့်နေရာ စည်းရှိရမယ်လေ။ စောင့်ကြည့်ရေးအဖွဲ့က တိုက်ပွဲမဖြစ်အောင် လုပ်တာပေါ့။ ဟိုဘက်တပ်၊ ဒီဘက်တပ်မှာ အမျိုးသမီးတွေ မပါလာဘူး။ ဒီမှာမပါတာ ဘာမှမထူးဆန်းဘူး။ Local Level မှာတော့ ပါမှာပေါ့။ အခုကတော့ ဆန္ဒစောနေသလားလို့။

Voice - စစ်တပ်က ဗိုလ်ချုပ်တစ်ယောက် အနေနဲ့ အရပ်ဘက်ကိုပြောင်းပြီး ငြိမ်းချမ်းရေး လုပ်တဲ့အခါ ဝန်ကြီးအနေနဲ့ ဒီကာလတစ်လျှောက်လုံး ဘယ်အရာတွေက အခက်အခဲ ဖြစ်ခဲ့ပါသလဲ။

UAM - ကျွန်တော်က စစ်သားဗျ။ စစ်သားဆိုတဲ့ Identity ကို ကျွန်တော် ဖျောက်လို့မရပါဘူး။ လူတွေ က စစ်သားလို့ ပြောလိုက်တာနဲ့ စိုးရိမ်တယ် ကြောင့်ကြတယ်။ နှစ်သက်မှု မရှိကြဘူး။ ဒီလို အပြောခံရတာကို ကျွန်တော် စိတ်မကောင်းဘူး။ စစ်သားတိုင်း စစ်တိုက်မယ် ငြိမ်းချမ်းရေးကို လုပ်လို့မရဘူးလို့ ထင်လို့မရပါဘူး။ ဒီမိုကရေစီက ဘယ်လိုလုပ်ရမယ် ဘယ်လို သင်ယူရမယ် ဆိုတာကို လေ့လာပြီးမှ ကျွန်တော် ချက်ကြိုးဖြတ်ခဲ့တယ်။ ဒီစနစ်ဟောင်းထဲက ချက်ကြိုးဖြတ်ပြီးမှ စနစ်သစ်ထဲကို ဝင်လာခဲ့တာ။ စစ်သားလည်း ငြိမ်းချမ်းရေးလုပ်လို့ ရတယ်၊ နိုင်ငံရေးလုပ်လို့ ရတယ်ဆိုတာ။ ဒီလိုပဲခံယူပါတယ်။ နောက် အစိုးရလည်း ဒီလိုပဲ စိတ်ရင်းစေတနာနဲ့ လုပ်ရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

Voice - အရင်အစိုးရလက်ထက် လုပ်ခဲ့တဲ့ ငြိမ်းချမ်ရေးတွေ ရှိတယ်။ ထင်သလောက် မအောင်မြင်ခဲ့ဘူး။ အခု ဝန်ကြီးတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကရော ရေရှည် အောင်မြင်မယ်လို့ ယုံကြည်ပါသလား။

UAM - အရင်တုန်းက ငြိမ်းချမ်းရေးတွေ မအောင်မြင်ဘူးလို့ ကျွန်တော်မပြောပါဘူး။ အရင်တုန်းက ဖြစ်စဉ်တွေက လုပ်ခဲ့တယ်။ သူတို့နည်းသူတို့ဟန်နဲ့တော့ အောင်မြင်မှုရခဲ့ ပါတယ်။ တချို့လည်း ရေရှည်မခံဘူး။ ဒါတွေကို သင်ခန်းစာယူတယ်။ ဘာကိုသွားတွေ့လဲ ဆိုတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရမယ်။ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတာတွေ သွာတွေ့ရတယ်။ ဒါကြောင့် NCA စာချုပ်ဖြစ်လာတာ။ ဒီစာချုပ်အတိုင်း ဆက်လုပ်ရင် ဦးအောင်မင်းရှိရှိ မရှိရှိ ငြိမ်းချမ်းရေးက ရှိနေမှာပဲ။ ဒီစာချုပ်ကို လိုက်နာမယ်ဆိုရင် ကျွန်တော် နောက်ဆံတင်းစရာမလိုဘဲ တခြားအလုပ်တွေ ဆက်လုပ်လို့ရပါပြီ။

Voice - ကျေးဇူးတင်ပါတယ်။

ဝေဝေ

The Voice Weekly

No comments: