Friday, January 8, 2016

အမေရိကန်မဟာဗျူဟာမြောက်လက်နက်များ တောင်ကိုရီးယား၌ ဖြန့်ကြက်ရေးဆွေးနွေး

The Mirror Daily's photo.


ဆိုးလ် ဇန်နဝါရီ ၇
အမေရိကန်၏မဟာဗျူဟာမြောက် လက်နက်များ တောင်ကိုရီးယား၌ ဖြန့်ကြက်ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုပြုလုပ်လျက်ရှိကြောင်း တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရို ဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆီးရီးယားကျွန်းဆွယ်၌ မဟာဗျူဟာမြောက် လက်နက်များ ဖြန့်ကြက်ရေးကိစ္စကို ဆွေးနွေးနေခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
မြောက်ကိုရီးယားကမြေအောက် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှာ ဒေါသအမျက်ထွက်ခဲ့ ရသည်ဆို၏။ မြောက်ကိုရီးယား နိုင်ငံသည် တရုတ်၏မဟာမိတ်နိုင်ငံ ဖြစ်လင့်ကစား ကြိုတင်အသိပေးမှု မပြုလုပ်ဘဲ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဟိုက်ဒရို ဂျင်ဗုံးစမ်းသပ်မှုကြောင့် ဂျပန်နိုင်ငံမှာလည်း စိုးရိမ်ပူပန်မှုဖြစ်ပေါ်ခဲ့ရသည်။ မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုကို ကမ္ဘာ့နိုင်ငံများက တညီတညွတ်တည်း တုံ့ပြန်ရန်လိုအပ်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က အမေရိကန်သမ္မတဘာရက်အိုဘားမားနှင့် တယ်လီဖုန်းဆက် ဆွေးနွေးရာတွင် ပြောကြားခဲ့သည်ဟု ကျိုဒိုသတင်းဌာနက သတင်းထုတ်ပြန်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်စွာစမ်းသပ် ပြီးနောက် ဂျပန်နိုင်ငံ၏ နျူကလီးယား ဗုံးဒဏ်ခံခဲ့ရသော ဟီရိုရှီးမားမြို့တွင်ပြည်သူများက ကမ္ဘာအဝန်း နျူကလီးယားဗုံးတားဆီးကာကွယ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြောက်ကိုရီးယား၏နျူကလီးယား စမ်းသပ်မှုကိစ္စနှင့် ပတ်သက်၍ သမ္မတအိုဘားမားက တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးအား တယ်လီဖုန်း ဆက်သွယ်ကာ ဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ရိုက်တာ

No comments: