Wednesday, January 13, 2016

ဖားကန့်မြေစာပုံထပ်မံပြိုကျ၊ ကုမ္ပဏီဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေ

ဖားကန့်မြေစာပုံထပ်မံပြိုကျ၊ ကုမ္ပဏီဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေ
----------------------------------
ဖားကန့်ဒေသ ကန်ခါကျေးရွာအနီးရှိ မြေစာပုံမှာ ဇန်န၀ါရီ ၁၂ ရက်က ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေစာစွန့်ပစ်သည့်ရာဇဌာနီကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ် ရဲစခန်း ဒုရဲအုပ်သက်ဇော်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ကိုတော့ ဒီနေ့မနက် ကိုးနာရီလောက်မှ ကုမ္ပဏီဘက်က အကြောင်းကြားလို့ သိရတယ်။ ကုမ္ပဏီကားတွေ မြေစာပစ်ရင်းနဲ့ ပြိုကျသွားတာ။ ကုမ္ပဏီဝန်ထမ်းတစ်ယောက်တော့ပါသွားတယ် ။ ဒီနေ့ မနက်ထိတော့ ဖော်လို့မရသေးဘူး။ လောလောဆယ် မြေစာက ထပ်အက်ပြီးတော့ ဆက်တိုက်အက်ကြောင်းတွေ လိုက်နေတာဆိုတော့ ဖော်ဖို့ကို စောင့်ဆိုင်းနေတုန်းပဲ”ဟု ၎င်းကဆိုသည်။
ယခုမြေစာပုံပြိုကျမှုမှာ ဒီဇင်ဘာလကုန်ပိုင်းက ပြိုကျခဲ့ဖူးသည့်နေရာမှာပင် ထပ်မံပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်သက်ဇော်ဦး ဆိုသည်။
"ပြီးခဲ့တဲ့ည(ဇန်န၀ါရီ ၁၂ ရက် ည) ၁၀ နာရီဝန်းကျင်လောက်က ပြိုတယ်ဆိုပြီး အဲဒီ့ဝန်းကျင်မှာနေထိုင်တဲ့ ရေမဆေးကျောက်ရှာတဲ့သူတစ်ဦးက အကြောင်းကြားတယ်။ ပြိုကျတဲ့အထဲမှာ လူဘယ်နှယောက်လောက်ပါသွားတယ်ဆိုတာကတော့ မသိရသေးဘူး။ စုံစမ်းဆဲပဲဖြစ်ပါတယ်"ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၅ ခုနစ်အတွင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းထုတ်လုပ်သည့် ကုမ္ပဏီများက စွန့်ပစ်သည့် မြေစာပုံပြိုကျမှု ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာသူများအပါပဝင် မြေစာပုံအနီးတဲ ထိုးနေထိုင်သည့် ဈေးသည် စုစုပေါင်း ၁၅၀နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

No comments: