" ၈ ဖွဲ့ပဲ လက်မှတ်ထိုးလို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး မဟုတ်တော့ဘူးလား "
.
“ သခင် “
ချင်းမိုင်မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ KNU အပါအ၀င် အဖွဲ့ ခုနှစ်ဖွဲ့က NCA (Nationwide Ceasefire Agreement) လက်မှတ်ထိုးမယ်ဆိုပြီး ကြေငြာချက်ထုတ်ခဲ့ပါတယ်။ နောက် RCSS ကပါ လက်မှတ်ထိုးမယ် ဆိုတော့ NCA ထိုးမယ့်အဖွဲ့ ရှစ်ဖွဲ့ဖြစ်သွားပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့က MPC မှာ NCA လက်မှတ်ထိုးပွဲ အခမ်းအနားနဲ့ ပက်သက်တဲ့ ကြိုတင်ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။
.
အဲ့ဒီအစည်းအဝေးကနေ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ NCA လက်မှတ် ထိုးမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်မှတ်ထိုးပွဲကိုလည်း NCA မှာ ပါရှိတဲ့အတိုင်း ပြည်တွင်း၊ နိုင်ငံတကာ အသိသက်သေများစွာနဲ့ ကျင်းပမှာဖြစ်ပြီး လက်မှတ်ရေးထိုးအပြီး ၂၄ နာရီအတွင်း၊ ၇ ရက်အတွင်း၊ ရက်ပေါင်း ၃၀၊ ၆၀ အတွင်း စသဖြင့် ဆက်လက်လုပ်ဆောင်ရ မှာတွေကိုလည်း နှစ်ဖက် ညှိနှိုင်းထားတဲ့ အစီအစဉ်တွေ ရှိတယ်လို့လည်း သိရပါတယ်။ အဖွဲ့ အားလုံး မပါနိုင်ပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကြီးကို လက်မှတ်ထိုးကြတော့မှာပါ။ ဒါပေမယ့် အဖွဲ့ ရှစ်ဖွဲ့ပဲ လက်မှတ်ထိုးတဲ့အတွက် တစ်နိုင်ငံလုံး သဘောမဆောင်ဘဲ ဒေသဆိုင်ရာ သဘောသာ ဆောင်ပါကြောင်း NCA ကို မလိုလားတဲ့ အင်အားစုတွေက ရေးကြသားကြတာတွေ တွေ့နေရတာ ရတက်မအေးစရာပါ။
.
NCA ဆိုတာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် သဘောတူစာချုပ် တစ်ခုပါ။ အဲ့ဒီ NCA ကို အချောသတ် စာချုပ်ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့နဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ပေါင်းစည်းဖွဲ့ထားတဲ့ UPWC တို့ ၂ နှစ်ကျော် ဆွေးနွေးခဲ့ရတယ်ဆိုတာ အားလုံးသိရှိနားလည်ပြီး ဖြစ်ပါတယ်။ `ဆင်ပြောင်ကြီး အပြီးကျမှတစ်´ ဆိုသလို NCA စာချုပ်ကိုလည်း အချောသတ်ပြီးရော ဘယ်သူလက်မှတ်ထိုးကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားခဲ့ပြီး အခုနောက်ဆုံးအချိန်ရောက်တဲ့အခါ အစိုးရဖက်က အဆိုပြုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့မှာ KNU အပါအ၀င် ရှစ်ဖွဲ့က လက်မှတ်ထိုးမယ်။ KIO အပါအ၀င် ခုနှစ်ဖွဲ့က ကိုးကန့်၊ AA၊ TNLA တို့ပါ ပါပါမှ လက်မှတ်ထိုးမယ် ဖြစ်ပါရော။ စာရေးသူတို့ မြန်မာတွေမှာ အကျင့်တစ်ခုရှိပါတယ်။ နောက်ဆုံး အချိန်ရောက်မှ ကပ်ပြီး ဆုံးဖြတ်တတ်ကြတဲ့ အကျင့်ပါ။ အခုလည်း နောက်ဆုံးအချိန် ရောက်တဲ့အခါမှာ လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ရှစ်ဖွဲ့က ပြတ်ပြတ်သားသား လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ပြီး ကျန်တဲ့ အဖွဲ့တွေကတော့ လက်မှတ်မထိုးဘူးလို့ မပြောဘူး၊ အားလုံးပါမှ ထိုးမယ်ဆိုပြီး ဟိုလိုလို ဒီလိုလို လုပ်နေကြဆဲပါ။ တချို့ကလည်း လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို တပ်မတော်က ထိုးစစ်ဆင် အမြစ်ဖြုတ်မှာ စိုးရိမ်တဲ့အတွက် အားလုံးပါဝင်ရေးကို ဆွဲကိုင်ထားတာပါ ပြောပါတယ်။
.
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှာ သူတို့ရဲ့ အကျိုးစီးပွားတွေ ရှိကြပါတယ်။ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖွဲ့တွေကလည်း လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် အကျိုးစီးပွားဆိုင်ရာ အကျိုးအမြတ်တွေ ရှိမယ်လို့ ယုံကြည်ကြသလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေ အနေနဲ့လည်း လက်မှတ်မထိုးဘဲ နေတဲ့အတွက် သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ကြတာ ရှိပါတယ်။ အားလုံးမပါဝင်လို့ လက်မှတ်မထိုးတာပါလို့ ဘယ်လောက်ပြောပြော သူတို့ပါစေချင်တဲ့ အဖွဲ့တွေ မပါဝင်တဲ့အတွက် ထိခိုက်နစ်နာစရာ ကိစ္စတွေရှိနေလို့ လက်မှတ်မထိုးနိုင်ကြတာ ဖြစ်ပါတယ်။ အဖွဲ့အသီးသီးက ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်အကျိုးစီးပွားတွေရှိနေတာကို လက်မှတ် ထိုးတဲ့အဖွဲ့တွေက ကိုယ်ကျိုးရှာသမားတွေ၊ အစိုးရနဲ့ ပေါင်းစားကြသူတွေအဖြစ် တံဆိပ် ကပ်ခံရပြီး အားလုံးမပါဝင်လို့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကတော့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ကြသလိုလို သွေးခွဲပြောကြားနေကြတာတွေဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဒဏ်ရာကြီးကို အဆိပ်ထပ်ခတ်နေကြတာပဲလို့ စာရေးသူ မြင်ပါတယ်။
.
တကယ်တန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းထဲမှာ ဒီမိုကရေစီ နည်းကျကျနဲ့ ကိုယ့်အဖွဲ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်အား NCA လက်မှတ်ရေးထိုးရေး၊ မရေးထိုးရေးကို ဆုံးဖြတ်ကြတာဖြစ်တဲ့အတွက် ဘေးနားက ၀ိုင်း ၀န်းဝေဖန် သွေးထိုးနေကြသလို တစ်ဖက်နဲ့တစ်ဖက် မုန်းတီးပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပျက်ပြားတယ်ဆိုတာမျိုး ဖြစ်နေတာ မဟုတ်ပါဘူး။ NCA စာချုပ်ကြီး အချောသတ်နိုင်ဖို့တောင် နှစ်ဖက်ပေါင်းပြီး အချော သတ်ခဲ့တာပါ။ ဒါပေမယ့် ဘေးနားက ငြိမ်းချမ်းရေးကို အဆိပ်ခတ်ချင်သူတွေကတော့ တိုင်းရင်းသားတွေ သွေးကွဲကြသလိုလို ပုံစံမျိုးတွေ ရေးသားဖြန့်ဝေကြတာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတော့ကို အန္တရာယ် ကြီးလှပါတယ်။
.
တစ်နိုင်ငံလုံး တစ်ပြိုင်တည်း အပစ်အခတ် ရပ်စဲရေးဆိုတာ စာချုပ်မှာ အဖွဲ့အားလုံး လက်မှတ်လေးထိုးလိုက်ရုံနဲ့ အဆင်ပြေသွားမယ့် ကိစ္စမဟုတ်ပါဘူး။ အပစ်အခတ် ရပ်စဲရေးရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အကျိုးအမြတ်တွေ၊ စီးပွားရေး အကျိုးအမြတ်တွေ၊ အာဏာအကျိုး အမြတ်တွေ အများကြီးရှိပါတယ်။ အပစ်ရပ်ရေး ကိစ္စတွေလုပ်လိုက်မှ `ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ´ ဆိုသလို လက်ရှိ ရှိပြီးသား အကျိုးအမြတ်တွေ ပျက်စီးသွားမှာ စိုးရိမ်ကြသူတွေလည်း ရှိမှာပါ။ အချက်ပေါင်း ၃၃ ချက်ပါဝင်တဲ့ NCA စာချုပ်မှာ အချက်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လက်မှတ်ထိုးတယ်ဆိုတာ အပစ်အခတ်ရပ်စဲရေးရဲ့ ပထမ ခြေလှမ်းသာ ဖြစ်ပါတယ်။ အားလုံးပါဝင်ရေး ဆိုတာကလည်း စာချုပ်ပေါ်မှာ ရှိရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တစ်ပြိုင်တည်း လက်မှတ်ထိုးရုံနဲ့ အားလုံးပါဝင်တာ မမည်ပါဘူး။ တစ်နိုင်ငံလုံး သေနတ်သံတွေ တိတ်နိုင်ဖို့အတွက် အကောင်အထည် ဖော်ရေးကိစ္စတွေကို စိတ်ပါလက်ပါနဲ့ အားလုံးပါဝင်ဆောင်ရွက်ကြမှသာ အားလုံးပါဝင်ရေး မည်မှာပါ။
.
`တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး´ ဆိုတဲ့ စကားရပ်နဲ့ `အားလုံးပါဝင်ရေး´ ဆိုတဲ့ စကားရပ်ရဲ့ အနှစ်သာရက စာချုပ်ပါ အချက်တွေကို နေရာဘယ်လောက်များများမှာ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်မှာလဲဆိုတာအပေါ် မူတည်ပါတယ်။ တစ်ပြိုင်တည်း လက်မှတ်ထိုးကြပြီး NCA ထဲက အချက်တွေကို အကောင်အထည် ဖော်သည်ဖြစ်စေ၊ နောက်မှ (နောက်အစိုးရလက်ထက်မှ) ၀င်ပါလာပြီး တစ်နိုင်ငံလုံး အပစ်ရပ်မယ့်ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ကြသည်ဖြစ်စေ လိုရင်းကတော့ မြန်မာ့နယ်နမိတ်အတွင်းမှာ တိုင်းရင်းသား ညီအစ်ကို အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေကို တားဆီးနိုင်ဖို့ပါ။ ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တစ်ပြိုင်တည်း လက်မှတ် ထိုးကြမှ ရမယ်ဆိုတာလောက်နဲ့ ငြိမ်းချမ်းရေးကို အဆိပ်မခတ်ကြဖို့ လိုအပ်ပါတယ်။
.
KNU အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းပေးတဲ့ ဥပမာလေးကို ပြန်ကိုးကားချင်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ လင်မယား နှစ်ယောက်တည်းတောင် ချစ်လို့ကြိုက်လို့ ယူထားကြပေမယ့် အသွင်မတူတဲ့နေရာမှာ ရန်ဖြစ်ကြတာတွေ ရှိမှာပါပဲ။ အဲ့ဒီလိုပဲ လက်နက် ကိုင်ထားတဲ့ အဖွဲ့တွေ အချင်းချင်းကြားမှာဆို ပိုပြီး မယုံကြည်မှုတွေ သံသယတွေရှိနိုင်ပါတယ်။ လက်မှတ်ထိုးလိုက်တာနဲ့ သေနတ်သံတွေ လုံးဝတိတ်သွားပြီး တစ်နိုင်ငံလုံး အပစ်ရပ်မယ် ဆိုတာက လက်တွေ့မှာ မျှော်လင့်သလို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လက်မှတ်ထိုးတယ်ဆိုတဲ့ ပထမခြေလှမ်းကနေ တစ်နိုင်ငံလုံး သေနတ်သံ တိတ်သွားဖို့ ၊ နောက် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်တွေအထိ တစ်ဆင့်ချင်း ဆက်သွား ကြရမှာပါ။ ပထမခြေလှမ်းကို မလှမ်းရဲသေးဘဲ စောင့်ကြည့်နေရမယ့် သူတွေကလည်း သူ့ရပ်တည်ချက်နဲ့ သူဖြစ်သလို ပထမခြေလှမ်းကို လှမ်းဖို့ဆုံးဖြတ်လိုက်တဲ့ သူတွေကလည်း သူ့ရည်မှန်းချက်နဲ့ သူပါ။ ဒါကြောင့် တိုင်းရင်းသားတွေကြားမှာ နှစ်ဖွဲ့ ကွဲသွားပြီတို့၊ ထပ်ပြီး ကွဲလာနိုင်ခြေရှိတယ်လို့ စသဖြင့် ကိုယ်ထင်ရာမြင်ရာတွေနဲ့ ရေးနေ ဖြန့်ဝေနေတာတွေဟာ မြန်မာ့ငြိမ်းချမ်းရေးကို အဆိပ်ခတ်တာနဲ့ တူတယ်လို့ စာရေးသူမြင်ပါတယ်။
.
နိုင်ငံရေး၊ စီးပွားရေး၊ အာဏာရရေး၊ နာမည်ရရေး စသဖြင့် အကျိုးစီးပွားအမျိုးမျိုး ဖြစ်ထွန်းဖို့ အတွက်တော့ ငြိမ်းချမ်းရေးကို ချမနင်းစေချင်ပါဘူး။ မြန်မာပြည်သူပြည်သား အားလုံးမှာ မြန်မာ့ငြိမ်းချမ်းရေးရဖို့ ၀ိုင်းဝန်းပံ့ပိုးရဖို့ လိုအပ်တဲ့အချိန်မှာ အားမပေးချင်နေပါ၊ ပျက်စီးရာ ပျက်စီးကြောင်းကိုတော့ မလုပ်မိအောင် ရှောင်ရှားကြစေချင်ပါတယ်လို့ ငြိမ်းချမ်းရေး အတွက် ပထမခြေလှမ်းကို ထောက်ခံအားပေးတဲ့ အနေနဲ့ တိုက်တွန်းလိုက်ပါရစေ။
.
သခင် (၅.၁၀.၂၀၁၅)
..
..
..
( စာရေးတဲ့ ဆရာသခင် ဘယ်သူဆိုတာတော့ ကျနော်လည်း မသိပါဘူး ။ ညကဖတ်မိလို့ ပြန်ရိုက်ပြီးတင်ပေးလိုက်ပါတယ် ။ )
The Voice Daily ( 2015 Oct 6 , Vol 3 / No 156 ) ဆောင်းပါး ပါ
The Voice Daily , စာရေးတဲ့ ဆရာ နဲ့ ပြန်ရိုက်ပေးတဲ့ ကိုရွှေပြည်အေးကို ကျေးဇူးပါ။
Hla Maung Shwe
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment