ဗိုလ်ချုပ်ဝိဥာဉ်နဲ့ စကားစမြည်
====================
ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံကြီးဖြင့် မဲဆွယ်ထားသော မဲဆွယ်ကားကြီးရှေ့တွင် ရပ်နေသော ကိုယ်နဲ့ရွယ်တူ အသက် ၃၂ အရွယ် လူတစ်ယောက်။ မဲဆွယ် ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို ကြည့်လိုက် ဖြင့် နာရီဝက်ကျော် ရပ်နေသည်ကို တွေ့လိုက်ရာ ထူးဆန်းသည်မို့ သူ့အနားကို သွားကြည့်လိုက်သည်။
" ဘော်ဒါကြီး၊ ဘာတွေ ထူးဆန်းနေလို့လဲဗျ.."
ကိုယ့်ရဲ့နှုတ်ဆက်စကားသံကြားတော့ သူကိုယ့်ဘက်ကို ခပ်ဖြည်းဖြည်း လှည့်ကြည့်လာသည်။
" ဟာ.. " ဓာတ်ပုံထဲက ဗိုလ်ချုပ်နှင့် တစ်ထေရာထဲ တူသော လူတစ်ယောက်။ အသားလေး နည်းနည်းပိုညိုသည်မှ လွဲပြီး ဓာတ်ပုံထဲကလူ အပြင်ထွက်လာသလား ထင်ရလောက်အောင် တူနေသည်။
" ဟေ့ရောင်၊ မင်းက ဗိုလ်ချုပ်ရုပ်ရှင်ထဲက မင်းသားလား။ ဗိုလ်ချုပ်နဲ့ တစ်ပုံထဲပဲကွာ " လို့ ပြောလိုက်ရာ သူက ကိုယ့်ကို ခပ်တွေတွေ ပြန်ကြည့်ပြီး တစ်လုံးချင်း ပြောသည်။
" နောင်ကြီး၊ ခင်ဗျားပြောတာ ဒီဓာတ်ပုံထဲက လူနဲ့ ကျုပ်နဲ့ တူတယ်လို့ ပြောတာလား"
သူ့အသံကြားမှ ကိုယ် ပိုပြီးအံ့သြရပြန်သည်။ အသံက အစ ရေဒီယိုမိန့်ခွန်းထဲက ဗိုလ်ချုပ်ပြောသည့် လေသံ အတိုင်း တစ်ထေရာထဲဖြစ်နေသည်မို့ စကားမပြောနိုင်၊ ခေါင်းသာ ခပ်မြန်မြန် ဆက်တိုက်ငြိမ့်ပြလိုက်သည်။
" ဒါ ကျုပ်ပုံပဲဗျ။ အဲဒီဓာတ်ပုံရိုက်တဲ့နေ့က......"
သူ့စကားသံက တိုးလိုက်ကျယ်လိုက်ဖြင့် နားထဲသို့ရောက်လာသည်။ သူလွတ်လပ်ရေးအတွက် ဘယ်လို ကြိုးစားခဲ့ကြောင်းတွေ၊ အဲဒီဓာတ်ပုံရိုက်ခဲ့တုန်းက အဖြစ်အပျက်တွေ၊ အင်္ဂလိပ်လက်အောက်က လွတ်ရင် မြန်မာနိုင်ငံကြီးကို ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတဲ့အကြောင်းတွေနဲ့ သူ့ခန္ဓာကိုယ်ထဲ ကျည်ဆံ တွေဝင်သွားပြီးနောက်ပိုင်း သူဘာကိုမှ မသိတော့တဲ့အကြောင်းတွေကို ဆက်ပြောရင်း..
"အခု ဘယ်ရာစု ရောက်နေလဲဗျ" ဟု မေးသည်။
" ၂၀၁၅ ခုနှစ် ..ရောက်နေပြီ " ကိုယ်နဲ့ရွယ်တူ လူတစ်ယောက်မို့ ဗိုလ်ချုပ်ဆိုပြီး တရိုတသေ ပြောရအောင်ကလဲ ခက်၊ အဘလို့ ခေါ်ရတဲ့အရွယ်ပုံလဲ မဟုတ်၊ သူငယ်ချင်းလို့ခေါ်ရအောင်ကလဲ ဂုဏ်ဒြပ်ချင်းက မိုးနဲ့မြေလောက် ကွာနေသည်မို့ ကိုယ်လဲ စကားတွေ မသွက်နိုင်တော့။
" အဲဒီ ဓာတ်ပုံထဲက ဟိုအမျိုးသမီးကြီးက ဘယ်သူလဲ။ " ဟု သူက ထပ်မေးသည်။
" အဲဒါ ဗိုလ်ချုပ်သမီးလေ၊ ဒေါ်အောင်ဆန်းစုကြည်၊ အခုလက်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ကြီးပေါ့။ အခုရွေးကောက်ပွဲမှာ ပြိုင်မလို့ မဲဆွယ်နေတာ " ဟု ဖြေလိုက်သည်။
သူ့သမီးဂုဏ်ကို ချီးမွမ်းပြောလိုက်သဖြင့် နှုတ်ခမ်းတွန့်ယုံပြုံးပြီး ဓာတ်ပုံကို သေချာကြည့်သည်။
" သြော်..မိစုလေးတောင် ဒီအရွယ်ရောက်သွားပြီကိုး၊ အိမ်ထောင်တွေကျပြီး မြေးတွေတောင် ရရောပေါ့ ဟု သူ တိုးတိုးပြောသည်။ ကိုယ်လဲ " ဟုတ်ကဲ့၊ သား ၂ ယောက်ရှိပါတယ် " လို့ ဖြေပေးလိုက်သည်။
" နှစ်တွေလဲ ကြာပြီဆိုတော့ ပြည်မနဲ့တောင်တန်း ခွဲထွက်သွားပြီလား" ဟု သူက မေးသည်။
" မခွဲထွက်ပါဘူး၊ ဟိုးလွတ်လပ်ရေး ရခဲ့စဉ်တုန်းကအတိုင်းပါပဲဗျ " လို့ ကိုယ်က ဖြေလိုက်ရာ အံ့သြသည့် အကြည့်ဖြင့် ကြည့်ရင်း " လွတ်လပ်ရေးက ဘယ်တုန်းက ရခဲ့တာလဲ " ဟု ထပ်မေးသည်။
" ၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့ပါ ဗိုလ်ချုပ် " ဟု ဖြေလိုက်သည်။
" ကျုပ် သေနတ်ပစ်ခံရပြီး တစ်နှစ်တောင် မကြာဘူးပဲ၊ ၀မ်းသာတယ်..ကျုပ်တို့နိုင်ငံကြီးဟာ....." စသည်ဖြင့် သူကြိုးစားခဲ့မှုတွေ ဆက်ပြောရင်း လက်ရှိခေတ်ကို သတိရသွားကာ စကားကို ရပ်လိုက်သည်။
" တိုက်တွေ၊ကားတွေနဲ့ ဆေးရောင်စုံဖြစ်ပြီး မြန်မာနိုင်ငံကြီးက ကျက်သရေ ရှိလိုက်တာဗျာ " လို့ ပြောသည်။
ကိုယ်လဲ သဘောတကျဖြင့် ပြုံးရင်း " ဗိုလ်ချုပ် မရှိတဲ့ကာလတစ်လျှောက်လုံး ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားတွေ အတိုင်း နိုင်ငံကြီးကို အကောင်အထည်ဖော်ခဲ့ကြတာကိုး ဗိုလ်ချုပ်ရ " ဟု ဖြေလိုက်သည်။
ဒီတိုင်းဆက်ပြောနေလျှင် ဆုံးမည်မဟုတ်သဖြင့် ကိုယ့်ဖုန်းလေးဖွင့်ပြီး ဓာတ်ပုံလေးတွေ ပြကာ လက်ရှိ မြန်မာနိုင်ငံအကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း၊ လက်ရှိ နိုင်ငံရေးအကြောင်းတွေကို တစ်ပုံချင်းပြပြီး ရှင်းပြလိုက်သည်။ ပုံတွေပြရင်း နန်းမြမိုရ် ပုံလေးပါ ရောပြမိသဖြင့် ဒါ ဗမာလား ဟု သူက မေးသဖြင့် ရှမ်းမလေးပါဟု ပြောပြီး ရီပြလိုက်မိသည်။ သူလဲ ပြုံးရင်း..
" ဒါနဲ့ တပ်မတော်ကရော ဗြိတိသျှနဲ့ပေါင်းဖွဲ့စည်းခဲ့တာလား၊ စစ်မှုမထမ်းမနေရ စနစ်ရော ရှိပြီလား ၊ အင်အားရော ဘယ်လောက်ရှိနေပြီလဲ " စသဖြင့် တပ်မတော်အကြောင်းဘက်ကို ဆက်မေးသည်။
" အင်အားက ၄ သိန်းကျော်၊ စစ်မှုမထမ်းမနေရ စနစ်ကတော့ မရှိသေးဘူး" ဟု ပြောလိုက်ရာ သူအရမ်း အံ့သြသွားသည့်ပုံဖြင့် ခေါင်းတစ်ခါခါ လုပ်ရင်း ပြောသည်။
" ခင်ဗျားတို့ အစိုးရ ဘာလုပ်နေတာလဲ၊ ဒီိတိုင်းနေလို့ မရဘူး ။ ကျုပ်တို့ခေတ်ကတောင် တပ်မတော်က အင်အားသန်းနဲ့ချီ ရှိဖို့လိုတာ၊ ခင်ဗျားတို့ ခေတ်ပိုလိုမှာပေါ့။ လူတိုင်း စစ်ပညာ သင်ရမယ်၊ လူတိုင်းကိုယ့်နိုင်ငံ ကိုယ် ကာကွယ်ရမယ်၊ ပြည်သူလဲ စစ်သား၊ စစ်သားလဲ ပြည်သူ ဖြစ်နေမှ ကျုပ်တို့နိုင်ငံ အဓွန့်ရှည် ခိုင်မြဲမှာပေါ့.."
တပ်မတော်အကြောင်းဘက် ရောက်သွားသည့် အချိန်တွင်တော့ ဗိုလ်ချုပ် မျက်လုံးတွေ အရောင်တောက်လာ သလို အသံလဲ နည်းနည်း ပိုတင်းမာလာသည်။ သူ့ဆက်ပြောနေသည့် စကားအားလုံးက ဖတ်ဖူးသမျှ မိန့်ခွန်း တွေအားလုံးထဲက တပ်မတော်နှင့် ပတ်သက်ပြီး သူပြောခဲ့သည့် စကားများအတိုင်း။ ကိုယ့်မှာတော့ ပါးစပ် အဟောင်းသားဖြင့် သူ့ကိုကြည့်ရင်း..
(ဘာတွေဆက်ပြောကြတယ်ဆိုတာတော့ ကိုယ့်ဘာသာဖြည့်တွေး၊ ဖြည့်ဖတ်နိုင်ပါသည်။)
ဦးဦးတိမ်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment